စစ်ကောင်စီတပ်၏ ဖမ်းဆီးခံစစ်သုံ့ပန်းများ အသက်အန္တရာယ်ဖြင့် ရင်ဆိုင်နေရသော်လည်း လျစ်လျူရှု စွန့်ပစ်ထားကြောင်း AA ပြော

စစ်ကောင်စီတပ်၏ ဖမ်းဆီးခံစစ်သုံ့ပန်းများ အသက်အန္တရာယ်ဖြင့် ရင်ဆိုင်နေရသော်လည်း လျစ်လျူရှု စွန့်ပစ်ထားကြောင်း AA ပြော

September 29

(မဇ္ဈိမ)။ ။ အာဏာသိမ်း စစ်ကောင်စီတပ်သားများအနေဖြင့် တိုက်ပွဲအတွင်း အသက်စွန့် တာဝန်ထမ်း ဆောင်ခဲ့ကြသော်လည်း ဒဏ်ရာရပြီး အသက်အန္တရာယ်ဖြင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် စစ်ကောင်စီတပ်က ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ် ရဲဘော်၊ ရဲဘက်စိတ် ကင်းမဲ့စွာ လျစ်လျူရှု စွန့်ပစ်ထားကြောင်း ရက္ခိုင့်တပ်တော် (AA) က ပြောသည်။

ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ထုတ်ပြန်သည့် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်သေဆုံး၊ ဒဏ်ရာရသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့် ကြေညာချက်တွင် ထိုသို့ ထည့်ပြောထားခြင်း ဖြစ်သည်။

“ ရဲဘော်ရဲဘက်စိတ်ကင်းမဲ့စွာ စွန့်ပစ်သည့်လုပ်ရပ်မှာ မြန်မာ့တပ်မတော်ဟုခေါ်သော စစ်ကောင်စီမှ ၎င်းတို့တပ်ဖွဲဝင်များအပေါ် ထားသောသဘောထား အမှန်ပင်ဖြစ်သည်” ဟု AA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် သုံးစီးဖြင့် မိနစ် ၃၀ ခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြော ပေါ်က AA အကျဉ်းထောင် နှစ်ခုအား ထိမှန်ခဲ့ရာ ဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် အခြားသော အကျဉ်းသားတချို့ သေဆုံး ဒဏ်ရာရခဲ့သည်ဟု AA က ထုတ်ပြန်သည်။

ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများကို ဆေးကုသမှု ပေးခဲ့သော်လည်း ဆေးဝါးအခက်အခဲကြောင့် အချို့မှာ အသက်သေဆုံးသွားသကဲ့သို့ ဂျက်တိုက်လေယာဉ်၏ ပြင်းထန်သော ကျည်ဆန် ဒဏ်ရာများကြောင့် အချို့သုံ့ပန်းများမှာ အသက်ရှင်ရန် အခွင့်အလမ်း နည်းပါးနေကြောင်းလည်း AA က ဆိုသည်။

ယင်းကြောင့် ဒဏ်ရာရ စစ်ကောင်စီ သုံ့ပန်းများ အသက်ရှင်ရေးအတွက် လွှဲပြောင်းပေးရန် စစ်ကောင်စီတပ်ဖွဲ့ တာဝန်ရှိသူများထံသို့ ကမ်းလှမ်းခဲ့သော်လည်း စက်တင်ဘာလ ၂၈ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်က တစ်စုံတရာ အကြောင်း ပြန်ကြားခြင်းမရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့စွာ စွန့်ပစ်ထားကြောင်း AA က ပြောသည်။

“ကျွန်တော်ဆိုရင် နှစ်ပေါင်း ၂၂ နှစ် ရှိပါပြီ၊ မြန်မာ့တပ်မတော်မှာ တာဝန်ကျေကျေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ တစ်ခုမှ မခိုမကပ်ဘဲနဲ့ သစ္စာရှိရှိနဲ့၊ ဒါကိုတောင်မှ အခုလို ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ကို တစ်ချက်တောင် ပြန်လှည့်မကြည့်တဲ့အတွက်ကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရပါတယ်၊ အားလည်း အားငယ်ပါတယ်၊ ဝမ်းလည်း ဝမ်းနည်းပါတယ်” ဟု AA က ထုတ်ပြန်သော ရုပ်သံဖိုင်တွင် ဒဏ်ရာရ စစ်ကောင်စီ သုံ့ပန်း တပ်ကြပ်အောင်အောင်က ပြောထားသည်။

ယင်းအပြင် ပြည်သူလူထုက လက်ခံသည့် အမှန်တရားတစ်ခုကို ရှာဖွေကြရန်လည်း ဒဏ်ရာရ စစ်ကောင်စီ သုံ့ပန်း တပ်ကြပ်အောင်အောင်က တပ်တွင်းမှာ ကျန်ခဲ့သော ၎င်း၏ ရဲဘော်၊ ရဲဘက်များ ကို တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီတပ်ကို စွန့်ခွာလိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့်လည်း လာရောက်ဆက်သွယ်နိုင်ကြောင်း AA က ဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေပြီး ယခုကာလအတွင်း ရှေ့တန်းစစ်မြေပြင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်အထိ လာရောက်ခိုလှုံခဲ့ကြောင်း AA ဘက်က တရားဝင် ပြောဆိုထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

ဓာတ်ပုံ- AA က ထုတ်ပြန်သော ဒဏ်ရာရ စစ်ကောင်စီ သုံ့ပန်းတချို့ကို တွေ့ရစဉ်

#mizzima

#ချင်းပြည်နယ်

#AA

#ရခိုင်ပြည်နယ်

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required