ရန်ကုန်ရှိ မြို့နယ်အချို့တွင် ညပိုင်း ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပေါ်၊ စမ်းချောင်းတွင် ဧည့်စစ်ရာမှ ၁ ဦးအဖမ်းခံရ

ရန်ကုန်ရှိ မြို့နယ်အချို့တွင် ညပိုင်း ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပေါ်၊ စမ်းချောင်းတွင် ဧည့်စစ်ရာမှ ၁ ဦးအဖမ်းခံရ

September 29

ရန်ကုန်(မဇ္ဈိမ)။။ ရန်ကုန်တိုင်းအတွင်းရှိ အချို့သော မြို့နယ်များတွင် စက်တင်ဘာလ ၂၈ ရက် ညပိုင်းက ပစ်ခတ်ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံကတစ်ဆင့် သိရသည်။

ညအချိန်တွင်ဖြစ်ပွားသော ပေါက်ကွဲမှုများသည် များသောအားဖြင့် တည်နေရာ အတိအကျမသိရနိုင်သော်လည်း ပေါက်ကွဲသံကြားရခြင်းနှင့်ပတ်သက်၍ ယခုလိုပြောသည်။

“ည ၉ နာရီ ဝန်းကျင်က နှစ်ကြိမ်ပေါက်တာ၊ နှစ်ကြိမ်လုံးအသံကျယ်တယ်။ နောက်ဆုံးတစ်ကြိမ်က ပိုကျယ်တယ်။ ဘယ်မှာပေါက်တာလဲတော့ မသိဘူး။ တစ်ခါတစ်လေကြရင် ကိုယ်က ကိုယ့်မြို့နယ်ထဲ ထင်ပေမယ့် ကိုယ်နဲ့နီးတဲ့တခြားမြို့နယ်တွေကလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီတစ်ခါက အသံအကျယ်ကြီးကြားလိုက်ရတာ။” ဟူ၍ မြောက်ဥက္ကလာပမြို့နယ်တွင် နေထိိုင်သူတစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုမှာ မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်ဂိတ်နှင့် အမှတ် (၉၈၁) စစ်ကောင်စီဂိတ်အား မြို့ပြပြောက်ကျားအဖွဲ့များမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရွှေပြည်သာမြို့နယ်တွင်လည်း ည ၉ နာရီခန့်က ပေါက်ကွဲသံ သုံးခါဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ပစ်ခတ်သံများပါ ကြားရသော်လည်း နေရာအတိအကျမသိရှိရသေးကြောင်း ဒေသခံကပြောသည်။

သာကေတမြို့နယ်တွင်လည်း ည ၇ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားရာ သာကေတ (၄)တောင်ရပ်ကွက်၊ အောင်သစ္စာ ၈လမ်း၊ ကန်ထောင့်အနီးတွင် စစ်ကောင်စီသတင်းပေးဟုဆိုသူ ပစ်ခတ်ခံရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများ ပိတ်ဆို့စစ်ဆေးမှုပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်တွင်တော့ စစ်ကောင်စီတပ်မှ ဧည့်စာရင်းဝင်စစ်ရာ ပုသိမ်လမ်းရှိ တိုက်တစ်တိုက်အား အင်အားအလုံးအရင်းဖြင့် ရှာဖွေခဲ့ပြီးနောက် လူတစ်ဦးအဖမ်းခံရကြောင်း သိရသော်လည်း နောက်ဆက်တွဲအတည်မပြုနိုင်သေးပေ။

ယမန်နေ့ တစ်နေ့တာအတွင်း သာကေတတွင် စစ်ကောင်စီသတင်းပေးပစ်ခတ်ခံရပြီး အင်းစိန်တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်မှုများဖြစ်ခဲ့သည်။ ညပိုင်းတွင်တော့ မင်္ဂလာဒုံနှင့် ရွှေပြည်သာမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - ပုံအဟောင်း

#mizzima

#ရွှေပြည်သာမြို့နယ်

#စစ်ကောင်စီတပ်

#ဧည့်စာရင်း

#ပေါက်ကွဲမှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly