ယူကရိန်း၏ ပိုင်နက်နယ်မြေ ၁၅ ရာခိုင်နှုန်းကို တရားဝင် သိမ်းပိုက်ရန် ရုရှ ပြင်ဆင်

ယူကရိန်း၏ ပိုင်နက်နယ်မြေ ၁၅ ရာခိုင်နှုန်းကို တရားဝင် သိမ်းပိုက်ရန် ရုရှ ပြင်ဆင်

စက်တင်ဘာလ ၂၇ ရက်

ရုရှတပ်ဖွဲ့များ သို့မဟုတ် ရုရှ ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားသော ဧရိယာများတွင် ရုရှနှင့် ပူးပေါင်းရေး လူထုဆန္ဒခံယူပွဲများ ကျင်းပပြီးနောက် ယူကရိန်း၏ နယ်မြေ ၁၅ ရာခိုင်နှုန်းခန့်ကို တရားဝင် သိမ်းယူရန် ရုရှသမ္မတ ဗလာဒီမာ ပူတင်က အသင့်ပြင်လျက် ရှိသည်။

နယ်မြေဒေသများကို ပူတင်၏ တောင်းဆိုမှုကို အနောက်အုပ်စု သို့မဟုတ် ယူကရိန်းဘက်က တားမြစ်နိုင်မည် မဟုတ်သော်လည်း စစ်မြေပြင်တွင် ယူကရိန်းက ရုရှအပေါ် အနိုင်ရသည်ကို မြင်ချင်ကြောင်း အမေရိကန်နှင့် မဟာမိတ်များက ပြောကြားပြီး ထိုသို့ ဖြစ်စေရန်လည်း လက်နက်များ ထောက်ပံ့ခြင်းအားဖြင့် ကူညီသွားမည်ဟု ပြောသည်။

အကယ်၍ မော်စကိုဘက်က ယူကရိန်း နယ်မြေ၏ သိမ်းပိုက်ထားသော အစိတ်အပိုင်းများနှင့်အတူ ရှေ့ဆက်တိုးလာမည်ဆိုပါက အမေရိကန်အနေဖြင့် မဟာမိတ်များနှင့်အတူ ပူးပေါင်းလျက် ရုရှအပေါ် စီးပွားရေးအရ ထိခိုက်စေရန် ထပ်တိုး အရေးယူမှုများ လုပ်ဆောင်ရန် အသင့်ပြင်ထားကြောင်း အိမ်ဖြူတော်က ပြောသည်။

ရုရှအပေါ် ကြီးမားသည့် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားခဲ့သော်လည်း ရုရှ စွမ်းအင်ဈေးနှုန်းအပေါ် ထိန်းချုပ်ကန့်သတ်မှုကို တရုတ်နှင့် အိန္ဒိယတို့ သဘောတူညီပြီး လိုက်ပါဆောင်ရွက်စေရန် အမေရိကန်က မလုပ်နိုင်ပါက ရုရှကို ထိခိုက်စေမည့် စီးပွားရေး ပြစ်ဒဏ်ခတ်မှုက များများစားစား ကျန်တော့မည် မဟုတ်ပေ။

အနောက်အုပ်စုသည် ယူကရိန်းထံ နောက်ထပ် အဆင့်မြင့်လက်နက်များ ပေးပို့နိုင်သည်။

အမေရိကန်ထံမှ NASAMS ဟု သိကြသော ခေတ်မီ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို လက်ခံရရှိထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

ရုရှဘက်က “အတုအယောင် လူထုဆန္ဒခံယူပွဲများ” ဖြင့် မိမိတို့ နယ်မြေများကို သိမ်းယူရန် လုပ်ဆောင်ခြင်းက ငြိမ်းချမ်းရေး ဆွေးနွေးမှု၏ အလားအလာမှန်သမျှကို ထိခိုက်ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း ဇယ်လန်စကီးက ထပ်တလဲလဲ သတိပေးထားသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly