ကန်ပက်လက်မြို့နယ်အတွင်း စစ်သားနှင့် ရဲ ၂ ဦး လက်နက်အပြည့်စုံဖြင့် ကာကွယ်ရေးတပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံ

ကန်ပက်လက်မြို့နယ်အတွင်း စစ်သားနှင့် ရဲ ၂ ဦး လက်နက်အပြည့်စုံဖြင့် ကာကွယ်ရေးတပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံ

September 27

မဇ္စျိမ ။။ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား တစ်ဦးနှင့် ရဲတစ်ဦး လက်နက်အပြည့်စုံဖြင့် ဝင်ရောက်ခိုလှုံခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet မှ စက်တင်ဘာ ၂၆ရက်နေ့တွင် ထုတ်ပြန်သည်။

“သူတို့မိသားစုတွေနဲ့ ဆက်သွယ်တဲ့အခါ ပြည်မဘက်မှာ လေယာဉ်နဲ့ ပစ်ခတ်ဗုံးကြဲတာတွေကြားသိရတော့ တပ်ကို စိတ်ကုန်လာတာရယ်၊ အထက်လူကြီးများရဲ့ ဖိနှိပ်ချုပ်ချယ်တာတွေကြောင့် အခုလို အလင်းဝင်ဘို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုထားတယ်”ဟု CDF – Kanpetlet တာဝန်ရှိသူတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

ကန်ပက်လက်မြို့အခြေစိုက် ခလရ (၁၄၀) မှ တပ်သား နေသူအောင် နှင့် မြို့မ ရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်သား ဗန်ဒိန်း တို့သည် CDF – Kanpetlet အား ဆက်သွယ်ခဲ့သည့်အတွက် သွားရောက်ကြိုဆိုခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

၎င်းတို့နှင့်အတူ G3 တစ်လက်နှင့် ကျည်ဘောက်နှစ်ခု ကျည်၂၈တောင့် ၊ MA2 တစ်လက် နှင့် ကျည်ဘောက်လေးခု ကျည် ၃၄၆တောင့်နှင့် ကျည်ကာ တစ်ထည်တို့ ဖြစ်ကြောင်းသိရသည်။

အလင်းဝင်လာသော နှစ်ဦအား သတ်မှတ်ထားသည့် ဆုငွေများချီးမြှင့်ခဲ့ပြီး ၎င်းတို့၏ ဆန္ဒသဘောအရ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်းဆိုသည်။

စက်တင်ဘာလ ၂၁ရက်နေ့ကလည်း ကန်ပက်လက်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံဖြင့် CDF – Kanpetlet သို့ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။

ရဲတပ်တပ်သား ပြည့်ဖြိုးဇင်သည် ၎င်းနှင့်အတူ G3တစ်လက် M16 တစ်လက်တို့နှင့် အတူ ကျည်ဆန် ၁၀၀ကျော် ယူဆောင်လာခဲ့ကြောင်းသိရသည်။

ပြည်သူနှင့် ပူးပေါင်းလိုသော မည်သည့် ရဲနှင့် တပ်မတော်သားကို မဆို CDF – Kanpetlet မှ နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိကြောင်းထုတ်ပြန်ထာသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကန်ပက်လက်မြို့နယ်

#ချင်းကာကွယ်ရေးတပ်ဖွဲ့

#ခလရ(၁၄၀)

#တပ်မတော်သား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly