ရှင်ဇိုအာဘေး၏ ဈာပနသို့ စစ်ကောင်စီ သံတမန်ကို မဖိတ်ကြားသင့်ကြောင့် မြန်မာသံတမန်ဟောင်း ပြော 

ရှင်ဇိုအာဘေး၏ ဈာပနသို့ စစ်ကောင်စီ သံတမန်ကို မဖိတ်ကြားသင့်ကြောင့် မြန်မာသံတမန်ဟောင်း ပြော 
Photo - AFP

September 27

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော်ဈာပနသို့ တိုကျိုရှိ မြန်မာသံရုံးမှ အကြီးအကဲကို ဖိတ်ကြားခြင်းအတွက် မြန်မာနိုင်ငံက ပြီးခဲ့သည့်နှစ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် စစ်တပ်၏ ဖယ်ရှားခြင်းခံရသော သံတမန်ဟောင်းတစ်ဦးက ဂျပန်နိုင်ငံကို ဝေဖန်ပြစ်တင်သည်။ 

အင်္ဂါနေ့က ဈာပနအခမ်းအနားသို့ အမေရိကန် ဒုတိယသမ္မတ ကာမာလာ ဟာရစ်နှင့် ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နက်စ်တို့ကဲ့သို့သော အခြားသော နိုင်ငံခြားကိုယ်စားလှယ်များနှင့်အတူ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် တက်ရောက်ခြင်းကို ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ အစိုးရအနေဖြင့် ခွင့်ပြုပေးခဲ့လျှင် စစ်ကောင်စီ၏ အုပ်ချုပ်ပိုင်ခွင့်နှင့် ၂၀၂၁၂ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုတို့ကို အသိအမှတ်ပြုရာ ရောက်လိမ့်မည်ဟု သံတမန်ဟောင်း ဦးအောင်စိုးမိုးက ပြောသည်။ 

“ကျွန်တော်တို့ ဂျပန်ရောက် မြန်မာတွေအနေနဲ့ အဓိက နိုင်ငံတကာ အခမ်းအနားတစ်ရပ်ဖြစ်တဲ့ ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော် ဈာပနဆီ စစ်ကောင်စီရဲ့ ဘယ်လိုလူမျိုးကိုမဆို မဖိတ်ကြားဖို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းထားပါတယ်”ဟု အသက် ၅၃ နှစ်အရွယ် ဦးအောင်စိုးမိုးက စနေနေ့၌ တိုကျိုတွင် သတင်းထောက်များအား ပြောသည်။ 

“စစ်ဗိုလ်ချုပ်တွေ လိုချင်နေတာက သူတို့ အုပ်ချုပ်မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက တရားဝင် အသိအမှတ်ပြုတာနဲ့ အစိုးရအာဏာကို လွှဲပြောင်းရယူတာကိုပဲ”ဟု စကားပြန်မှတစ်ဆင့် ၎င်းက ပြောသည်။ 

ဘုရင်မကြီး အဲလိဇဘတ်၏ စက်တင်ဘာ ၁၉ ရက် ဈာပနသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်ကို ခွင့်မပြုခဲ့သည့် ဗြိတိန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ကိုးကားပြီး ကီရှီဒါနှင့် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာ ဟာယာရှီတို့အနေဖြင့် အလားတူ ရပ်တည်သင့်ပြီး အာဏာသိမ်းခေါင်းဆောင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးစီးသော စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြတ်ပြတ်သားသား ရပ်တည်သင့်ကြောင်း ဦးအောင်စိုးမိုးက ပြောသည်။ 

“ဂျပန်နိုင်ငံဟာ မင်းအောင်လှိုင်ကို မဖိတ်ထားပါဘူး၊ ဒါပေမဲ့ နိုင်ငံတော်အဆင့် ဈာပနဆီ တက်ရောက်ဖို့ စစ်ကောင်စီခန့် သံအမတ်ကို ကီရှီဒါအစိုးရက ခွင့်ပြုပေးတာမျိုးဟာလည်း ဘာမှ ထူးမှာ မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။ 

စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သော အရပ်ဘက် အမိန့်ဖီဆန်လှုပ်ရှားမှု CDM တွင် ပါဝင်သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အလုပ်ထုတ်ပယ်ခံရချိန်မှစပြီး တိုကျိုရှိ မြန်မာသံရုံးမှ ပထမအတွင်းဝန်ဟောင်း ဦးအောင်စိုးမိုးသည် ၎င်း၏ နိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ဂျပန်နိုင်ငံအတွင်း တက်ကြွလှုပ်ရှားမှုများတွင် ပါဝင်နှစ်မြုပ်ထားခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly