ရုရှ စာသင်ကျောင်း ပစ်ခတ်မှုအတွင်း ကလေးများ အပါအဝင် လူ ၁၃ ဦး သေဆုံး

ရုရှ စာသင်ကျောင်း ပစ်ခတ်မှုအတွင်း ကလေးများ အပါအဝင် လူ ၁၃ ဦး သေဆုံး

စက်တင်ဘာလ ၂၆ ရက်

ရုရှနိုင်ငံ အလယ်ပိုင်း အစ်ဇက်ခ်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း၌ သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားရာ ကလေး ခုနစ်ဦး အပါအဝင် လူ ၁၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိများက စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။

ယခုနောက်ပိုင်းနှစ်များအတွင်း နိုင်ငံကို တုန်လှုပ်စေသည့် စာသင်ကျောင်း ပစ်ခတ်မှုဖြစ်စဉ်များထဲတွင် ယခုတိုက်ခိုက်မှုက နောက်ထပ် ထပ်မံ ပေါ်ပေါက်လာသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ယူကရိန်းစစ်ပွဲတွင် ဝင်တိုက်ရန် အမျိုးသားသိန်းနှင့်ချီကို စစ်မှုထမ်း ဆင့်ခေါ်ရန် အစိုးရဘက်က အားထုတ်မှုများ ရှိနေ၍ နိုင်ငံတွင် ခြေမကိုင်မိ လက်မကိုင်မိ အခြေအနေ ဖြစ်ပေါ်နေစဉ် ယခု စာသင်ကျောင်းတိုက်ခိုက်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

“ဒီ ဖြစ်စဉ်မှာ ကလေး ခုနစ်ယောက်၊ လူကြီး ခြောက်ယောက် အပါအဝင် လူ ၁၃ ယောက် သေဆုံးခဲ့ပါတယ်” ဟု ရုရှ၏ စုံစမ်းစစ်ဆေးမှု ကော်မတီက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားသည်။ ကလေး ၁၄ ဦးနှင့် လူကြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။

အာဏာပိုင်များသည် ကနဦးက သေဆုံးသူ ကိုးဦးဟု ကြေညာခဲ့သော်လည်း ၎င်းတို့ထဲတွင် သံသယရှိ ပစ်ခတ်သူ ပါဝင်သလားဆိုသည်ကို အသေးစိတ်ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

သေဆုံးသူများထဲတွင် လုံခြုံ‌ရေးအစောင့်နှစ်ဦး၊ ဆရာနှစ်ဦး ပါဝင်ကြောင်းနှင့် တိုက်ခိုက်သူသည် သူ့ကိုယ်သူ သတ်သေသွားကြောင်း စုံစမ်းစစ်ဆေးသူများက ပြောသည်။

“သူ (တိုက်ခိုက်သူ) က နာဇီ သင်္ကေတတွေ ပါတဲ့ အနက်ရောင် အပေါ်အင်္ကျီနဲ့ သိုးမွေး ခေါင်းစွပ် ဝတ်ထားပြီး သူ့မှာ အိုင်ဒီကတ် မပါပါဘူး” ဟု စုံစမ်းစစ်ဆေးသူများက ပြောသည်။

ဒေသ အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဘရီချာလော့ဗ်က အစ်ဇက်ခ် မြို့ စာသင်ကျောင်းအပြင်ဘက်၌ ဗီဒီယိုမှတစ်ဆင့် ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားရာတွင် ကလေးများ အပါအဝင် လူသေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ခဲ့ကြောင်း အတည်ပြုသည်။

ယခု တိုက်ခိုက်မှုဖြစ်စဉ်သည် လူမဆန်သော အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်သည်ဟု ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ရှုတ်ချကြောင်း အစိုးရရုံးက ထုတ်ပြန်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly