ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး 

ဖိလစ်ပိုင်တွင် တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံး 

စက်တင်ဘာလ ၂၆ ရက် 

ဖိလစ်ပိုင်၏ လူဦးရေအထူထပ်ဆုံးကျွန်းတွင် ယခုနှစ်၏ အားအကောင်းဆုံး တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ပြီး မိုးသည်းထန်ခြင်းနှင့် လေပြင်းများ တိုက်ခတ်ပြီးနောက်တွင် လူ ခြောက်ဦး သေဆုံးရသည်ဟု အာဏာပိုင်များက တနင်္လာနေ့တွင် ပြောသည်။ 

တနင်္ဂနွေနေ့နှင့် တနင်္လာနေ့တို့တွင် လူဇွန်ကျွန်းတလွှား၌ တိုက်ခတ်သည့် တိုင်ဖုန်းမုန်းတိုင်း နောရူကြောင့် သစ်ပင်များ ပြိုလဲပြီး လျှပ်စစ်မီးများ ပြတ်တောက်ကာ အနိမ့်ပိုင်း လူနေရပ်ကွက်များ ရေလွှမ်းမိုးသည်။ 

စူပါတိုင်ဖုန်းမုန်တိုင်းအဖြစ် ဝင်ရောက်သည့် ယင်း မုန်တိုင်းအတွင်း ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများသတင်း လတ်တလော မသိရသေးပေ။ 

“ကျွန်တော်တို့ ဒါတွေအားလုံးအတွက် ပြင်ဆင်ထားပါတယ်”ဟု သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက သဘာဝဘေးအေဂျင်စီများနှင့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“ကျွန်တော်တို့က အပိုလုပ်နေတယ်လို့ ခင်ဗျားတို့ ထင်ကောင်းထင်လိမ့်မယ်၊ သဘာဝဘေးနဲ့ ပတ်သက်ရင်တော့ အပိုပြောဆိုတာမျိုးဆိုတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။ 

မနီလာမြို့တော်အနီး ဘူလာကန်ပြည်နယ်က ဆန်မီဂွာမြို့တွင် ရေလွှမ်းမိုးမှု ကြုံသော မြို့နေများကို ကူညီရန် စေလွှတ်ရာ၌ ကယ်ဆယ်ရေးသမား ငါးဦး သေဆုံးခဲ့သည်။ 

“ရေလွှမ်းဧရိယာဆီ ပြည်နယ်အစိုးရက သူတို့ကို စေလွှတ်တာပါ”ဟု ဆန်မီဂွာမြို့ ရဲအကြီးအကဲ ဒုတိယဗိုလ်မှူးကြီး ရိုမူအယ်ဒို အန်းဒရစ်က ပြောသည်။ 

ကယ်ဆယ်ရေးသမားများသည် ရေထဲ ခက်ခက်ခဲခဲ သွားနေကြစဥ် ဘေးက နံရံတစ်ခု ပြိုလဲရာမှ ရေစီးသန်သန်အတွင်း မျောပါသွားခြင်း ဖြစ်ကြောင်း အန်းဒရစ်က ဆိုညသ်။ 

မုန်တိုင်း ကုန်းတွင်းပိုင် ဝင်ရောက်ခဲ့ရာ ကွီဇွန်ပြည်နယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ပိုလီလိုကျွန်းစုက ဘာဒီယိုအရပ်တွင်လည်း မြေပြိုမှုကြောင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသအရပ်ဘက်ကာကွယ်ရေးရုံးမှ ဂါနာ ဂျီမန်နက်စ်က ပြောသည်။ 

ဖိလစ်ပိုင်နိုင်ငံသည် ပုံမှန်ဆိုသလို မုန်တိုင်းများ ဝင်ရောက်လေ့ရှိပြီး ရာသီဥတုပြောင်းလဲမှုအရ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် မုန်တိုင်းများ ပို၍ အားကောင်းလာသည်ဟု သိပ္ပံပညာရှင်များက သတိပေးသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly