တန့်ဆည်မြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ရွာ ၁၃ ရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံ ၁၀ဦး မီးရှို့သတ်ဖြတ်ခံရ

တန့်ဆည်မြို့နယ်တွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်က ရွာ ၁၃ ရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံ ၁၀ဦး မီးရှို့သတ်ဖြတ်ခံရ

September 23

မဇ္ဈိမ။ ။ တန့်ဆည်မြို့နယ်တွင် ခြောက်ရက်အတွင်း စစ်ကောင်စီတပ်က ရွာ ၁၃ရွာကို မီးရှို့ဖျက်ဆီးကာ ဒေသခံ ၁၀ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း PDF တပ်ဖွဲ့ဝင်နှင့် ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့နယ်ရှိ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် လူသားဒိုင်းအဖြစ်အသုံးပြုခြင်း စသည့်လူ့အခွင့်အရေးချိုးဖောက်မှုများအား နေ့စဉ်ပြုလုပ်လျက်ရှိနေသည်ဟု တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုထားသည်။

" နံဘက်ကြီးရွာနဲ့ ပေကုန်းကို မနေ့ညကတည်းက ရှို့နေတာ၊ ဒီမနက်မှာ သစ္စေးကုန်းကို ထပ်ရှို့တယ်၊ စုစုပေါင်း ၁၃ ရွာကို ရှို့နေတာ ၁၅ကြိမ်ထက်မနည်းတော့ဘူး၊ သူတို့ ဝင်သမျှရွာတိုင်းကို မီးရှို့ဖျက်ဆီးနေတာ၊ အိမ်ခြေတော့ တော်တော်များတယ်၊ ပျက်စီးဆုံးရှုံးမှုကို အတိအကျတော့ မသိရဘူး၊ သေတာ ၁၀ဦးတွေ့တယ်၊" ဟု တန့်ဆည် PDF တပ်ဖွဲ့ဝင်က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာလ ၁၇ ရက်နေ့မှ ယနေ့ ၂၃ ရက် မနက်ပိုင်းအထိ ခုနစ်ရက်တာကာလအတွင်း အုပ်ဖိုအိုင်ရွာ၊ ရေဦးကုန်းရွာ၊ အောင်ချမ်းသာရွာ၊ ဘေရင်း/ရွာသစ်ရွာ၊ အင်းပတ်ရွာ၊ အိုးသည်ကုန်းရွာ၊ ဂွေးကုန်းရွာ၊ နဘက်ငယ်ရွာ၊ နဘက်ကြီးရွာ၊ တောင်တောရွာ၊ ပေကုန်းရွာ၊ သက္ကယ်တန်းရွာနှင့် သစ္စေးကုန်းကျေးရွာများရှိ ဒေသခံပြည်သူ့နေအိမ်များအား ၁၅ ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

" ကျွန်တော်တို့ဘက်မှာက စစ်ရှောင်စခန်းသီးသန့်မရှိဘူး၊ စစ်ရှောင်စခန်းလည်းထားလို့မရဘူး၊ သူတို့က ညှာမှာမဟုတ်ဘူး ၊ စစ်ဘေးရှောင်တွေဘက်ကို လက်နက်ကြီးတွေနဲ့ ထုတာကို ကြုံဘူးတယ်၊ တစ်ချို့ဆို ကိုယ့်ရွာမီးရှို့လို့ ပြေးပါတယ်ဆို၊ စစ်ကြောင်းနဲ့တိုးလို့ ထပ်ပြီး ပြေးရတယ်" ဟု PDF တပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တန့်ဆည်မြို့နယ်အား ယခင်ကထက် စစ်ရာဇ၀တ်မှုများ ကျူးလွန်ကာ ကျေးရွာများအား အင်အားအလုံးအရင်းဖြင့် ၀င်ရောက်စီးနင်းနေသောကြောင့် ကျေးရွာပေါင်း ၃၀ မှ စစ်ဘေးရှောင်ပြည်သူ ၁၇,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု သိရသည်။

ဒေသခံများ၏ နေအိမ်အများစုမှာ စစ်ကောင်စီတပ်များ၏ လက်ချက်ကြောင့် ပျက်စီးဆုံးရှုံးသွားရသည့်အတွက် အတည်တကျ ပြန်လည် နေထိုင်ရန် ခက်ခဲနေကြသည်ဟု ဆိုသည်။

" တန့်ဆည် တစ်နယ်လုံးပြာကျသလိုဖြစ်နေပါပြီ၊ စစ်ရှောင်တွေက နီးစပ်ရာ တော်တွေထဲမှာပဲ ရှောင်နေကြရတယ်၊ အရင်ကဆို ထမင်းထုတ်ဝေတာတွေရှိတယ်၊ အခုက ရှို့ခံရတဲ့ရွာများတော့ ထမင်းထုတ်ဝေတာလည်း မရှိတော့ဘူး၊ ရှို့ခံရတာက ရွာကြီးတွေဆိုတော့ အိမ်ခြေ ထောင်ချီတယ်၊ အခုက ရွာတွေထဲမှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတယ်၊ ရွာထဲပြန်ဝင်ရမှ သိရမှာ" ဟု စစ်ရှောင် ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ရှောင်များအနေဖြင့် တစ်ပတ်နီးပါး စစ်ရှောင်နေရသဖြင့် အစားအသောက်နှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေပြီး မိုးတွင်းကာလဖြစ်သည့်အတွက် နေရာထိုင်ခင်းများလည်း လိုအပ်နေသည်ဟု ဆိုသည်။

ဒေသခံပြည်သူများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော နေ့ရပ်စွန့်ခွာရမည်ဆိုပါက ဆောင်ရွက်ရမည့်အချက်များဖြစ်သည့် အရေးကြီးပစ္စည်းများ၊ စားနပ်ရိက္ခာများအား လုံခြုံသောနေရာများတွင် ထုတ်ပိုးသိမ်းဆည်းထားကြရန်၊ အရေးပေါ် ဆေးဝါးများနှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအား တစ်ပါတည်းယူဆောင်နိုင်ရန် ကြိုတင်ပြင် ဆင်ထားကြရန်၊ စစ်ကောင်စီစစ်ကြောင်းများ၏အဝေးတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်ကြရန် တန့်ဆည်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထားသည်။

စက်တင်ဘာလ ၁၇ရက်မှ စတင်ကာ တန့်ဆည်မြို့နယ်ရှိ ပျူစောထီးများ ကြီးစိုးသည့် ကျွန်းလယ် နန်းဠောင်းကျ ကျေးရွာများဘက်မှ အင်အား ၁၇၀ နီးပါးရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါ စစ်ကြောင်းနှစ်ကြောင်းသည် တန့်ဆည်မြို့ မြောက်ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#တန့်ဆည်မြို့နယ်

#စစ်ကောင်စီစစ်ကြောင်း

#PDF

#ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly