မိုးဗြဲမြို့ပေါ် တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုများ၏ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

By လင်းအိမ်
23 September 2022
မိုးဗြဲမြို့ပေါ် တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုများ၏ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး

September 23

မဇ္ဈိမ။ ။ ရှမ်းနှင့် ကရင်နီပြည်အစပ် မိုးဗြဲမြို့ပေါ်တွင် တိုက်ပွဲအတွင်း မဟာမိတ် တပ်ပေါင်းစုများ၏ စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း မိုးဗြဲ PDFက ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ထို့အပြင် စစ်ကောင်စီ၏ လွိုင်ကော်အမြောက်တပ်မှ ပစ်လိုက်သော ၁၂၀မမများထဲမှ နှစ်ချက်သည် စစ်ကောင်စီတပ်သားများတပ်စွဲထားရာ မိုးဗြဲစက်တော်ရာတောင်ပေါ်သို့ တည့်တည့်မတ်မတ်ကျရောက်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှု မြောက်မြားစွာ ရှိခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ ညနေ ၂ နာရီဝန်းကျင်ခန့်မှ ၆ နာရီအချိိန်အထိ လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

" စနိုက်ပါကြောင့် သုံးယောက်သေတယ်၊ကျွန်တော်တို့နဲ့ မနေ့က ထိတွေ့တိုက်ပွဲဖြစ်တဲ့အချိန်မှာ မျက်နှာချင်းဆိုင်ပစ်ရင်း သူတို့ဘက်က ကျတာတွေလည်း ရှိတယ်၊ လက်ရှိတော့ တိုက်ပွဲဆက်ဖြစ်နေတဲ့ အခြေအနေပါ" ဟု တိုက်ပွဲအတွင်း ပူးပေါင်းပါဝင်နေသည့် နေပြည်တော် PDF မှ တပ်ခွဲမှူး ဆင်ကြီးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က မိုးဗြဲမြို့ထဲကို အင်အားအလုံးအရင်းဖြင့် စက်တင်ဘာလ ၁၉ရက်မှစ၍ တစ်ကျော့ပြန်စစ်ကြောင်းထိုးလာပြီး စက်တော်ရာတောင်ကုန်းပေါ်တွင် တပ်စွဲထားသဖြင့် မဟာမိတ်တပ်ပေါင်းစုများဖြစ်သည့် MBPDF 1001/1007၊ ဖယ်ခုံ PDF B-01၊လွိုင်ကော် PDF၊အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ နေပြည်တော် PDF၊ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ၊KGZ နှင့် URF တို့မှ ပူးပေါင်းခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယနေ့ စက်တင်ဘာလ ၂၃ ရက် မနက် ၃နာရီအချိန်မှစပြီး မိုးဗြဲမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှု အခြေအနေများကို မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့များ စစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေသဖြင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့တွင်း အသွားအလာလုံးဝ မပြုလုပ်ကြရန် MBPDF က သတိပေးထားသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စတင်ဘာလ ၈ ရက်ကစ၍ စစ်ကြောင်းထိုးဝင်ရောက်ခဲ့လာခဲ့ပြီး ကရင်နီတပ်ပေါင်းစုများ၏ ခုခံစစ်ကြောင့် အထိနာက ပြန်လည်ဆုတ်ခွာခဲ့ရပြီး လက်ရှိအချိန်တွင် တင့်ကားများနှင့် တာဝေးပစ်လက်နက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းပြန်ထိုးလာခြင်းဖြစ်သည်။

ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၃၀အချိန်တွင်လည်း မိုးဗြဲမြို့ပေါ်သို့ လက်နက်ကြီးအဆမတန် ပစ်ခတ်နေသည့် ငွေတောင်အခြေစိုက် (၁၀၂) တပ်ရင်းရှိ လက်နက်တိုက်တစ်ခု မီးလောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မိုးဗြဲတိုက်ပွဲ

#KNDF

#စစ်ကောင်စီတပ်

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly