စက်တင်ဘာလ ၂၁ ရက်
ဘော်လ်တစ်ပင်လယ်အောက်သို့ မီတာ ၄၀ ငုပ်လျှိုးသွားမည့် ကမ္ဘာ့အရှည်ဆုံး ရေအောက်ဥမင်လိုဏ်ခေါင်းသည် ဒိန်းမတ်နှင့် ဂျာမနီနိုင်ငံကြား ဆက်သွယ်မည်ဖြစ်ကာ ၂၀၂၉ ဖွင့်လှစ်ချိန်တွင် နှစ်နိုင်ငံကြားက ခရီးသွားလာမှုကို ကြာချိန် လျှော့ချမည် ဖြစ်သည်။
ဆယ်စုနှစ် တစ်ခုကျော်ကြာ စီစဉ်ခဲ့ပြီးနောက် ၂၀၂၀ တွင် Fehmarnbelt ဥမင်လိုဏ်ခေါင်း တည်ဆောက်ရေးကို စတင်ပြီး ဒိန်းမတ်ဘက်တွင် ယာယီဆိပ်ကမ်း အပြီးသတ်ထားသည်မှာ လများစွာ ကြာပြီဖြစ်သည်။ အဆိုပါ ယာယီဆိပ်ကမ်းတွင် ဥမင်လိုဏ်ခေါင်းအတွက် အကြီးစား ကွန်ဂရစ်အပိုင်းများ ၈၉ ခုကို မကြာမီ တည်ဆောက်မည့် စက်ရုံ အခြေစိုက်မည် ဖြစ်သည်။
“အခုနှစ်ကုန်လောက် ဒါမှမဟုတ် လာမယ့်နှစ်စမှာ ထုတ်လုပ်ရေးပထမလိုင်းအတွက် အသင့်ဖြစ်လောက်မယ်လို့ မျှော်လင့်ထားတယ်”ဟု စီမံကိန်းကို ကြီးကြပ်သော ဒိန်းမတ်နိုင်ငံပိုင် Femern A/S ကုမ္ပဏီ၏ စီအီးအို ဟန်ရစ် ဗင်ဆင့်ဆန်က ပြောသည်။ “၂၀၂၄ မှာ ကျွန်တော်တို့အနေနဲ့ ပထမဥမင် အစိတ်အပိုင်းကို ရေအောက်မြုပ်ဖို့ အသင့်ဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။
အစအဆုံး အရှည် ၁၈ ကီလိုမီတာ (၁၁ ဒသမ ၁ မိုင်) ရှိမည်ဖြစ်သော ယခုဥမင်သည် ဥရောပ၏ အကြီးဆုံး အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်ပြီး ဆောက်လုပ်ရေးစရိတ် ယူရိုငွေ ခုနစ် ဘီလီယံ (အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ) ရှိသည်။
နှိုင်းယှဉ်ချက်အားဖြင့် ၁၉၉၃ ခုနှစ်က တည်ဆောက်ပြီးစီးသော အင်္ဂလန်နှင့် ပြင်သစ်ကို ဆက်သွယ်သည့် Channel ဥမင်လိုဏ်ခေါင်းသည် ကီလိုမီတာ ၅၀ (၃၁ မိုင်) ရှည်လျားပြီး လက်ရှိငွေကြေးအရ ပေါင်ငွေကြေး ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆ သန်း) ကုန်ကျသည်နှင့် ညီမျှသည်။ ယင်း ဥမင်လိုဏ်ခေါင်းသည် ယခု Fehmarnbelt ဥမင်ထက် ပို၍ ရှည်သောလည်း ရေမြုပ်မည့် ဥမင်အစိတ်အပိုင်းများ ကြိုတင်တည်ဆောက်ခြင်းထက် boring machine ကို အသုံးပြုတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယခု Fehmarnbelt ဥမင်ကို ဂျာမနီ၏ Fehmarn ကျွန်းနှင့် ဒိန်းမတ်၏ Lolland ကျွန်းကြား ရေလက်ကြား Fehmarn Belt ခါးပတ်လမ်းတစ်လျှောက် တည်ဆောက်သွားမည်ဖြစ်သည်။ လက်ရှိတွင် နှစ်စဉ် ခရီးသည် သန်းပေါင်းများစွာ သယ်ယူပို့ဆောင်ပေးနေသည့် Rodby နှင့် Puttgarden ကြား ကူးတို့ယာဉ် ပြေးဆွဲမှုကို လမ်းကြောင်း ပြောင်းလဲမှုအဖြစ် တည်ဆောက်သည့် ရေအောက် ဥမင်လိုဏ်ခေါင်းသည်။ ကူးတို့ယာဉ်ဖြင့် အချိန် ၄၅ မိနစ်ကြာ ကူးသန်းသွားလာနေရမှုကို တည်ဆောက်မည့် ဥမင်မှ ရထားဖြင့် အချိန် ခုနစ်မိနစ်နှင့် ကားဖြင့်ဆိုလျှင် အချိန် ၁၀ မိနစ်ဖြင့် သွားလာနိုင်မည် ဖြစ်သည်။
(မိုးသဲ ဘာသာပြန်သည်။)