Mister Global Myanmar 2016 အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို စတင်ခေါ်ယူ

Mister Global Myanmar 2016 အတွက် ပြိုင်ပွဲဝင် လျှောက်လွှာများကို စတင်ခေါ်ယူ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၃ ။           ။ Mister Global ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု Mister Global Myanmar 2016 ပြိုင်ပွဲဝင် လျှောက်လွှာများကို စတင် လက်ခံ ခေါ်ယူ နေပြီ ကြောင်း ဖေဖော်ဝါရီ ၂၃ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။

Mister Global ပြိုင်ပွဲ အတွက် Mister Of Myanmar Organization မှ ၂၀၁၄ ခုနှစ် မှ စတင်ကာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ရွေးချယ် စေလွှတ် ခဲ့ခြင်း ဖြစ်ပြီး ယခုအခါသည် တတိယအကြိမ်မြောက် ရွေးချယ် စေလွှတ် မည် ဖြစ်သည်။

Mister Of Myanmar Organization တည်ထောင်သူ ကိုဇေယျံဟိန်း က "Mister Global Myanmar 2016 အတွက် Official Form စခေါ်ပြီပေါ့နော် ။ ပွဲ ၃နှစ် ရှိပြီ ဆိုတော့ အတွေ့ အကြုံတွေလည်း များလာပါပြီ။ အရပ် ၅ပေ ၁၀လက်မ ရှိရမယ်။ အင်္ဂလိပ်စကား ကျွမ်းကျင်ရမယ်။ ကျွန်တော် တို့ ဘက်ကလည်း သေချာ လေ့ကျင့် ပေးသွားမှာပါ" ဟု ပြောသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် Mister Of Myanmar Organization facebook စာမျက်နှာတွင် လျှောက်လွှာများကို ရယူလျှောက်ထားနိုင်ပြီး ဧပြီ ပထမ အပတ် အထိ လျှောက်လွှာများကို လက်ခံ သွားမည် ဖြစ်ကာ လာရောက် လျှောက်ထားသူများထဲမှ ဆန်ကာတင် ၁၅ဦး ရွေးချယ်မည် ဖြစ်ပြီး ၊ ဆန်ကာတင် ၁၅ဦး မှတစ်ဦးကို အဆင့်ဆင့် ရွေးချယ် သွားမည် ဖြစ်သည်။

Mister Global Myanmar 2016 အဖြစ် ရွေးချယ် ခံရသူသည် Mister Of Myanmar Organization နှင့် တစ်နှစ် စာချုပ် ချုပ်ဆို ရမည် ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Mister Global 2016 ပြိုင်ပွဲ သို့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Mister Global 2016 ပြိုင်ပွဲ ကို ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် ဧပြီ ၂၆ရက် မှ မေ ၇ရက် အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး နိုင်ငံ အသီးသီးမှ ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ကာ နောက်ဆုံး ပြိုင်ပွဲကို မေ ၇ရက် တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

Mister Global 2014 အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် မော်ဒယ် မာကိုကို စေလွှတ် ခဲ့ကာ Mister Global 2014 ဆု နှင့် Missosology မှ ချီးမြှင့်သည့် ဆု တစ်ဆု တို့ကို ရှရိ ပိုင်ဆိုင် ခဲ့သည်။ ၂၀၁၅ ခုနှစ် မှာတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် မင်းလူလူ မှ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး Top 10 အထိ ဝင်ရောက် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly