ချင်းပြည်နယ်တွင် အခြေခံစားသောက်ကုန်များအား စီမံချက်အနေဖြင့် သက်သာစွာ ရောင်းချ၍ စစ်ကောင်စီ စည်းရုံးရေးဆင်း

ချင်းပြည်နယ်တွင် အခြေခံစားသောက်ကုန်များအား စီမံချက်အနေဖြင့် သက်သာစွာ ရောင်းချ၍ စစ်ကောင်စီ စည်းရုံးရေးဆင်း

September 18

မဇ္ဈိမ။ ။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် အာဏာသိမ်း စစ်ကောင်စီက အခြေခံစားသောက်ကုန်များကို စီမံချက်တစ်ရပ်အနေဖြင့် သက်သာစွာလိုက်လံ ရောင်းချ၍ စည်းရုံးရေးဆင်းလျက် ရှိကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့ ရောင်းချမှုကို သက်ဆိုင်ရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်ရင်း/တပ်ဖွဲ့များ၊ ထွေအုပ်ဝန်ထမ်းများနှင့် စည်ပင်ဝန်ထမ်းတို့မှ ဦးဆောင်၍ ရောင်းချပေးရခြင်း ဖြစ်ကြောင်း သိရသည်။

''အခုကစည်ရုံးရေးသဘော လိုက်လုပ်နေတာပါ။ သူသူကိုယ်ကိုယ်ဗျာ။ ကုန်ဈေးနှုန်းတွေ ဈေးတက်နေတဲ့အချိန်မှာ ပိုက်ဆံရှိရင်တောင်ဝယ်ဖို့ ပစ္စည်းမရှိတဲ့ကာလမှာ ဈေးက ထက်ဝက်နီးပါးနဲ့ ရောင်းပေးနေတော့ ဝယ်ရတာပေါ့။ မဝယ်ရင်လည်း စားစရာက မရှိတော့လည်း တိုးဝှေ့ပြီးတော့ဝယ်ကြရတာပဲ'' ဟု ဟားခါးမြို့ပေါ်နေသူတစ်ဦး ကပြော သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က ဟားခါးမြို့ ၊ ဈေးသစ်ရပ်ကွက်ရှိ စုပေါင်းရုံးရှေ့တွင်လည်းကောင်း၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် ဖလမ်းမြို့၊ မြို့တော်ခန်းမရှေ့တွင် လည်းကောင်း၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် တီးတိန်မြို့ ၊ ကမ်ဟောင်ခန်းမတွင်လည်းကောင်း ဆန် ၊ ဆီ ၊ ဆား ၊ ပဲ ၊ ကြက်ဥ ၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက် ကုန်များကိုရောင်းချပေး ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် လာမည့် စက်တင်ဘာ ၂၀ ရက်နေ့တွင် မင်းတပ်မြို့မဈေးရှေ့၌ အခြေခံစားသောက်ကုန်များကို သက်သာသည့်ဈေးနှုန်းများနှင့် ရောင်းချပေးမည်ဟု ဆိုထားကြောင်း သိရသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် အခြေခံစားသောက်ကုန် ဈေးနှုန်းနှစ်ဆ ကျော် မြင့်တက်လာပြီး အလုပ်အကိုင်ရှားပါးမှု ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ဒေသများတွင် အခြေခံစားသောက် ကုန် အများအပြား သယ်ဆောင်ခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ချင်းပြည်နယ်

#စစ်ကောင်စီ

#အခြေခံစားသောက်ကုန်

#စီမံချက်တစ်ရပ်

#သက်သာစွာရောင်းချ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required