“အဆုံးသတ် တိုက်ပွဲအချိန် ရောက်ပြီ” ဟု AA ဒုစစ်ဦးချုပ် တပ်လှန့်

“အဆုံးသတ် တိုက်ပွဲအချိန် ရောက်ပြီ” ဟု AA ဒုစစ်ဦးချုပ် တပ်လှန့်

September 17

ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာသည်နှင့်တပြိုင်နက် အဆုံးအဖြတ်ပေးမည့် အဆုံးသတ်တိုက်ပွဲအချိန်ရောက်ပြီ ဟု ရက္ခိုင့်တပ်တော် (AA) ဒုစစ်ဦးစီးချုပ်၊ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က အသိပေးတပ်လှန့် လိုက်သည်။

AA က ကြွေးကြော်ထားသည့် ရက္ခိတလမ်းစဉ်ကို အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် လက်ရှိတကျော့ပြန် ပြင်းထန်လာနေသောတိုက်ပွဲသည် “အဆုံးအဖြတ်နဲ့ အဆုံးသတ်တိုက်ပွဲ” ဖြစ်သည်ဟု ဒေါက်တာညိုထွန်းအောင်က စက်တင်ဘာလ ၁၆ ရက်နေ့တွင် စာရေးသား အသိပေးထားခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းမှစတင်ပြီး စစ်အေးကာလတစ်နှစ်ကျော်ကြာ ဖြတ်သန်းပြီးနောက် လက်ရှိအချိန်၌ ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် AA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။

ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပြီး ရခိုင်−ဘင်္ဂလားဒေ့ရှ်နယ် မိုင်တိုင် (၄၀) စခန်း၊ ခမရ (၃၅၂) တပ်စခန်းနှင့် နယ်ခြားစောင့် မီးတိုက်စခန်းတို့ကို ယခုရက်ပိုင်းအတွင်း AA က တိုက်ခိုက်သိမ်းပိုက်ထားသည်။

တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးရန်ကို ကာကွယ်နိုင်ရန် မိမိနှင့်မလှမ်းမကမ်း၊ နီးစပ်ရာနေရာများတွင် ဗုံးခိုကျင်းများတူးထားကြရန် AA ပြောခွင့်ရသူ ဦးခိုင်သုခကလည်း ဩဂုတ်လနှောင်းပိုင်းကပြုလုပ်ခဲ့သည့် မဇ္ဈိမနှင့်သီးသန့်အင်တာဗျူးတစ်ခုတွင် တိုက်တွန်းထားသည်။

ယင်းအပြင် အာဏာသိမ်း စစ်ကောင်စီဘက်က ၎င်းတို့ဆုံးရှုံးထားသော တပ်စခန်းများကို ပြန်ရယူရန် စစ်အင်အား၊ လက်နက်ခဲယမ်း ဖြည့်တင်းမှုများ ပြုလုပ်နေသည့်အတွက် ရခိုင်ပြည်နယ် နေရာအနှံ့တွင် တိုက်ပွဲကြီးကြီးမားမား ဖြစ်လာနိုင်ကြောင်းလည်း AA ဘက်က အရေးပေါ်ကြေညာချက်ထုတ်ပြန် အသိပေးထားသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

Photo- ဒေါက်တာညိုထွန်းအောင်

#AA

#ရက္ခိုင့်တပ်တော်

#စစ်ကောင်စီတပ်

#အဆုံးသတ်တိုက်ပွဲ

#တပ်စခန်း

#တပ်လှန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly