ရုရှ၊ တရုတ် ပူးပေါင်းမှုက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ဟု ထိုင်ဝမ် သတိပေး 

ရုရှ၊ တရုတ် ပူးပေါင်းမှုက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ဟု ထိုင်ဝမ် သတိပေး 

စက်တင်ဘာလ ၁၆ ရက်

ရုရှနှင့် တရုတ်ကြားက ပူးပေါင်းမှုသည် ကမ္ဘာ့လုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် “အာဏာရှင်စနစ် ကျယ်ပြန့်လာမှု”ကို ခုခံရလိမ့်မည်ဖြစ်ကြောင်း ထိုင်ဝမ်က သောကြာနေ့တွင် ပြောသည်။ 

ယူကရိန်း စစ် စတင်သည်မှ စ၍ ပထမဆုံးအဖြစ် ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် ၎င်းနှင့် ဂုဏ်ရည်တူ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ကြာသပတေးနေ့က မျက်နှာချင်းဆိုင် တွေ့ဆုံပြီး အနောက်အုပ်စုကို အံ့တုရာ၌ ၎င်းတို့၏ မဟာဗျူဟာ မိတ်ဖက်ပြုမှုကို ချီးမွှမ်းခဲ့ကြသည်။ 

ဥဇဘတ်ကစ္စတန်က ဆာမာကန်မြို့တွင် ရှီကျင့်ဖျင်က ပူတင်အား ပြောရာတွင် “မဟာအင်အားကြီး အခန်းကဏ္ဍကို ဖော်ဆောင်ရန် သူ့အနေဖြင့် ရုရှနှင့် ပူးပေါင်းအားထုတ်သွားရန် ဆန္ဒရှိကြောင်း” ပြောဆိုသည်။ 

ပူတင်ကလည်း တရုတ်နိုင်ငံက ၎င်းပိုင်မြေဖြင့် သတ်မှတ်ထားပြီး တစ်နေ့တွင် သိမ်းယူမည်ဟု သန္နိဋ္ဌာန်ချထားသော ကိုယ်ပိုင်အုပ်ချုပ်သည့် ထိုင်ဝမ်အရေးတွင် တရုတ်၏ အတည်ပြုချက်များကို ရုရှက ထောက်ခံကြောင်း ထပ်လောင်းပြောဆိုသည်။ 

အာဏာရှင်ခေါင်းဆောင်နှစ်ဦးကြား ဆက်ဆံရေးသည် ထိုင်ဝမ်အတွက် စိုးရိမ်မကင်းစရာ ဖြစ်စေပြီး ရုရှက အိမ်နီးချင်း ယူကရိန်းအား ကျူးကျော်စစ် ဆင်နွှဲသည့်အတိုင်း ရှီကျင့်ဖျင်ကလည်း တစ်နေ့တွင် ထိုင်ဝမ်ကို ကျူးကျော်လာလိမ့်မည်ဟု ပူပန်မှု ဖြစ်စေသည်။ 

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် “မိမိတို့ နိုင်ငံ၏ အချုပ်အခြာပိုင်မှုကို တောင်းဆိုသည့် နိုင်ငံတကာ စင်မြင့်ထက်၌ တရုတ် ကွန်မြူနစ်ပါတီ၏ အာဏာရှင်စနစ် ချဲ့ထွင်သော အစိုးရသည် မုသားသုံး ပြောဆိုနေမှုများကို ရုရှက ထောက်ခံပြောဆိုသည့်အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်း” ဖော်ပြထားသည်။ 

“နိုင်ငံတကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်များ အရေးတွင် တရုတ်နှင့် ရုရှ အာဏာရှင်အစိုးရများ၏ မဟာမိတ်များကြောင့် ဖြစ်ရသော ထိခိုက်နာကျင်မှုများကို ထုတ်ဖော်ပြသကြသည့် ငြိမ်းချမ်းရေးနှင့် တည်မြဲခြေကို ထိန်းသိမ်းသူများကို ရုရှက ရန်စသူများအဖြစ် ခေါ်ဆိုထားကြောင်း”လည်း ယင်း ထုတ်ပြန်ချက်၌ ဖြည့်စွက်ဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly