ရေကြည်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ရေကြည်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံရ

September 15

မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတာဘူး(ခေါ်)ဦးကျော်သိန်းဝင်းဆိုသူ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်း ကျင်ခန့် အချိန်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ပစ်ခတ်မှုကို ရိုးမတိုက်ဂါး(ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။

"အဲ့ဒီအုပ်ကြီးက စစ်တပ်ကခန့်ထားတဲ့အုပ်ကြီးဆိုတော့ ပြည်သူကို ခြိမ်းခြောက်တာတွေလည်း မျိုးစုံလုပ်နေတဲ့အပြင် စစ်တပ်ကိုလည်း ခဏခဏ ခေါ်လာတတ်တယ်၊ မနေ့က ညနေပိုင်းမှာ ပိတောက်ချောင်းအုပ်ကြီးနဲ့ အတူတူ အစည်းအဝေးတက်ဖို့သွားတာကနေ ငါးသိုင်းချောင်းမြို့အထွက် ကျုံတာရွာနားမှာ ပစ်သတ်ခံလိုက်ရတာပါ"ဟု ဒေသခံတစ်ဦးကပြောသည်။

၎င်းအပြင် ဦးကျော်သိန်းဝင်းနှင့် အတူလိုက်ပါလာသည့် ပိတောက်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှာလည်း လက်မောင်းတွင် သေနတ်ဒဏ်ရာရပြီး ထွက်ပြေးသွားကြောင်း ဒေသခံကဆက်လက်ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#အုပ်ချုပ်ရေးမှူး

#ရေကြည်မြို့နယ်

#ရိုးမတိုက်ဂါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly