ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်

ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ် လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်

September 15

ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် သုံးကြိမ်တိုင်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNU တပ်မဟာ (၃) နှင့် နီးစပ်သည့် မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

စစ်ကောင်စီတပ်သည် ကျောက်ကြီးမြို့နယ်ကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် ကင်းထောက်ခဲ့ပြီးနောက် ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် လာရောက်ဗုံးကြဲ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရှိရသေးပေ။

ညောင်လေးပင်ခရိုင် KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေတွင် ယခုစက်တင်ဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နယ်မြေခံ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

အာဏာသိမ်း စစ်ကောင်စီတပ်၏ ခလရ (၄၈) ၊ ခမရ (၄၄၀) နှင့် ခမရ (၅၉၈) တပ်ရင်းသုံးရင်းမှ အင်အား ၂၀၀ ခန့် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကျောက်ကြီးမြို့နယ်ကို နယ်မြေကျော် ဝင်ရောက်လှုပ်ရှားခြင်းကြောင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ရေးထားသည်။

စစ်ကောင်စီ၏ ကျူးကျော် တိုက်ပွဲများကြောင့် ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံ ၁၇,၅၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်းကြရကြောင်း KNU ၏ မှတ်တမ်းများအရ သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ တခေါ့ပွာ ကျေးရွာရှိ ဒေသခံအမျိုးသား တစ်ဦးကို ပစ်သတ်ခဲ့ပြီး နိုကူကျေးရွာတွင် နေထိုင်သော လူဦးရေ ၁,၀၀၀ ဝန်းကျင်ခန့်အား ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်၍ ကျေးရွာမှအတင်းအဓမ္မ မောင်း ထုတ်ခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မောင်းထုတ်ခံရသော ဒေသခံများနှင့် စစ်ဘေးဒုက္ခသည်များအတွက် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း KNU ကဆိုထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ခြောက်ခုတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး KNU ထိန်းချုပ်နယ်မြေတွင် ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၂၆၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၃ ဦး သေဆုံးခဲ့ကြောင်း KNU ၏ လချုပ်မှတ်တမ်းတွင် ဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Photo- ပုံဟောင်းဖြစ်သည်။

#ကရင်ပြည်နယ်

#ကျောက်ကြီးမြို့နယ်

#စစ်ကောင်စီတပ်

#လေကြောင်း

#၃ကြိမ်ဗုံးကြဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required