မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်ပြီး လူနေအိမ် ၁၉လုံး မီးရှို့ဖျက်ဆီး

မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်ပြီး လူနေအိမ် ၁၉လုံး မီးရှို့ဖျက်ဆီး

September 15

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် နဂါးတွင်းကျေးရွာကို စစ်ကောင်စီတပ်များ ဝင်ရောက်ပြီး လူနေအိမ် ၁၉လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၄ရက် နံနက် ၆နာရီ ၃၀မိနစ်တွင် နဂါးတွင်းကျေးရွာအနောက်ဖက် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း တောဘက်မှ စစ်ကောင်စီ အင်အား ၁၅၀ခန့်ဖြင့် နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

“ဟိုတစ်နေ့က ညောင်ဖြူပင်ရွာက ရဲနှစ်ယောက် ဈေးဝယ်လာတဲ့အချိန် PDF တွေက ပစ်သတ်ပြီး သေနတ်ယူသွားလို့ အခုလိုစစ်ကြောင်းတွေထိုးပြီး မီးတွေရှို့နေတာလို့ ထင်တယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးမှ မဇ္စျိမ ကိုပြောသည်။

နဂါးတွင်းကျေးရွာအနီး ယာတောထဲရှိ ပြည်သူနေအိမ် သုံးအိမ် ၊ ရွာအတွင်းရှိ နေအိမ် ၁၆အိမ်နှင့် ဆိုင်ကယ် ၃၀စီးတို့ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်းဆိုသည်။

ထို့အပြင် နဂါးတွင်းကျေးရွာ ချမ်းသားကြီးဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင် ပြည်သူ ၁၈ဦးအားလည်း ဖမ်းဆီးစစ်ဆေးပြီး ပစ္စည်းများ ထမ်းရန်ခေါ်ဆောင်သွားကြကြောင်း သိရသည်။

စက်တင်ဘာ ၁၃ရက်နေ့ မနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာချုပ်မှ စစ်အင်အား ၂၀၀ခန့်ဖြင့် ချင်းတွင်မြစ်ကြောင်းနှင့် ကုန်းလမ်းတို့မှ ဝိုင်းပတ်ပြီး ကျွန်းကြီး ၊ နတ်ကြီးကျွန်း ၊ ဂျိုးစု ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း ဆိုသည်။

ကျွန်းကြီးကျေးရွာတွင် ပြည်သူနေအိမ် သုံးလုံးနှင့် ပေါက်ပင်ရွာမှ လူနေအိမ် တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

စက်တင်ဘာ ၁၅ရက် ယနေ့တွင် နောက်ဆုံး ပစ္စည်းထမ်းရန်ဖမ်းဆီးခေါ်ဆောင်သွားသော နဂါးတွင်းရွာသားများ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ပြောသည်။

စက်တင်ဘာလ ၁၃ရက်နေ့မှ စ၍ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် မုံရွာ - အမြင့်လမ်းဘေးရှိ ကျေးရွားများမှ ဒေသခံ ပြည်သူ ၁၀,၀၀၀ ခန့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

လတ်တလောအရေးပေါ်အနေဖြင့် မီးလောင်ဆုံးရှုံးခဲ့ရသော မီးဘေးသင့် နေအိမ်များအတွက် စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရှိရသည်။

စက်တင်ဘာ ၁၂ရက် နံနက် ၇နာရီ ၃၀မိနစ်က ညောင်ဖြူပင်ကျေးရွာရှိ ရဲကင်းစခန်းမှ ရဲနှစ်ဦး ဈေးဝယ်ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်၍ ၎င်းတို့ကိုင်ဆောင်ထားသည့် G3တစ်လက်နှင့် အူဇီ သေနတ်တစ်လက်တို့ကို သိမ်းဆည်းခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#ညောင်ဖြူပင်ကျေးရွာ

#PDF

#စစ်ကိုင်းတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly