ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ဆိုင်ရှင်ကိုဖမ်းဆီးပြီး ဆိုင်ကို မီးရှို့ဖျက်ဆီး

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်က ဆိုင်ရှင်ကိုဖမ်းဆီးပြီး ဆိုင်ကို မီးရှို့ဖျက်ဆီး

September 14

မဇ္ဈိမ ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊မှော်ပုံကျေးရွာရှိ ကုန်စုံဆိုင်တစ်ခုကို ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်း ပစ်ခတ်၍ ဆိုင်ရှင်အပါအဝင် ပြည်သူ နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

လုံးခင်းကျေးရွာအုပ်စု မဒဲယန်မှော်ပုံကျေးရွာအတွင်းသို့ ဖားကန့်မြို့တွင်းတပ်မှ အင်အား ၁၈၀ခန့်ပါ စစ်ကောင်စီကား ခုနစ်စီး ရောက်ရှိလာကာ ကုဋေဦး ကုန်စုံဆိုင်အား ဝင်ရောက်စီးနင်းကာ ဆိုင်ရှင်ဖြစ်သူ ဦးကျော်ဝင်းနိုင်နှင့်အတူ အခြား ပြည်သူတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံထံမှ ကနဦး စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကုဋေဦး ကုန်စုံဆိုင်ပိုင်ရှင်ကို ဖမ်းဆီးခဲ့သည့်အပြင် ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မှော်ပုံရဲ့ဒီနေ့ ဖြစ်စဉ်က တိုက်ပွဲ ဖြစ်တာမဟုတ်ဘဲ စစ်တပ်က ဝင်ဖမ်းပြီး ဆိုင်ကိုမီးရိူ့ကာ သေနတ်များရမ်းပစ်ပြီး ကားခြောက်စီးနဲ့ပြန်ထွက်သွားခဲ့တာပါပဲ"ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသည့် ကုဋေဦးကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်ဝင်းနိုင်သည် အသက်၆၀ခန့်ရှိပြီဖြစ်ပြီး အဆိုပါ ကုန်ဆုံဆိုင်သည် မှော်ပုံကျေးရွာအတွင်း ကုန်ပစ္စည်းရောင်းချခြင်း၊ Kpay ၊ Wave money ငွေလွဲလုပ်ငန်းများ လုပ်ကိုင်နေကြသူများသာဖြစ်သည့်အတွက် ဦးကျော်ဝင်းနိုင် မိသားစုက မည်သည့်အဖွဲ့အစည်းကမှ မဟုတ်ကြောင်း မှော်ပုံဒေသခံများက မဇ္ဈိကို ပြောသည်။

ဦးကျော်ဝင်းနိုင်နှင့်အတူ ဖမ်းဆီးခံရသည့်ပြည်သူတစ်ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းကို လက်ရှိအချိန်တွင် စုံစမ်းနေဆဲဖြစ်ပြီး၊ ဖမ်းဆီးခံရသူများကိုလည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးပေ။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မှော်ပုံကျေးရွာကို စစ်တပ်က စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ရှင်းလင်းမည်ဟု ယခုလ လဆန်းပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယနေ့မနက် အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုကုန်စုံဆိုင်ကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၆ရက်နေ့ ကလည်း မှော်ပုံကျေးရွာနေ ဦးဇော်မင်းဦးနှင့် လူငယ်သုံးဦးကို PDF အဖွဲ့နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ထပ်မံ ရှင်းလင်းသွားမည်ဟူသည့် သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

“ရွာထဲမှာ ရွှေ့ တဲ့လူက ရွှေ့နေကြတယ်။ ရွာမှာ PDF တွေ လှုပ်ရှားနေတယ်ထင်ပြီး စစ်တပ်ကလည်း မှော်ပုံရွာကိုဝင်မွှေမယ့် သဘောရှိတော့ ဒေသခံတစ်ချို့က ကြောက်လို့ ကြိုရှောင်ပြေးနေကြတယ်။ အခုမနက်ဆို ဆိုင်တစ်ဆိုင်ကိုတောင် အခုလို အလွန်အကျွံ့လုပ်သွားတယ်ဆိုတော့ ကျနော်တို့လည်း ရွှေ့ရတော့မယ်နဲ့တူတယ်''ဟု ဒေသခံတစ်ဦးက ပြောသည်။

မှော်ပုံကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ဝန်းကျင်ရှိသည့်အနက် လက်ရှိတွင် အိမ်ခြေ ၃၀ ကျော်ထက်မနည်း တိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်

#ဖားကန့်မြို့နယ်

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required