စစ်ကောင်စီတပ်များက ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ စာသင်ကျောင်းများကို တိုက်ခိုက်မှုအကြိမ် ၁၉၀ ကျော် ပြုလုပ်ခဲ့ဟု NUG ထုတ်ပြန်

စစ်ကောင်စီတပ်များက ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ စာသင်ကျောင်းများကို တိုက်ခိုက်မှုအကြိမ် ၁၉၀ ကျော် ပြုလုပ်ခဲ့ဟု NUG ထုတ်ပြန်

September 14

မဇ္ဈိမ။ ။ စစ်ကောင်စီတပ်များက ပြည်နယ်နှင့်တိုင်း ၁၃ ခုရှိ စာသင်ကျောင်းများကို တိုက်ခိုက်မှုအကြိမ် ၁၉၀ ကျော် ပြုလုပ်ခဲ့ပြီး ကျောင်းများတွင် တပ်စွဲခြင်း၊ လက်နက်သိုလှောင်ခြင်းနှင့် အချုပ်ခန်းအဖြစ်အသုံးပြုခြင်းများရှိခဲ့ကြောင်း အမျိုးသားညီညီညွတ်ရေးအစိုးရ(NUG)၏ ပညာရေးဝန်ကြီးဌာနက ယမန်နေ့ စက်တင်ဘာလ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။

Global Coalition to Protect Education from Attack (GCPEA)မှ ပြုစုသော “မြန်မာနိုင်ငံတွင် ပညာရေးအပေါ် တိုက်ခိုက်မှုနှင့် စစ်ရေးအရ အသုံးပြုမှု၏ သက်ရောက်မှုများ" အစီရင်ခံစာအား Save The Children က စက်တင်ဘာလ ၉ရက်တွင်ထုတ်ပြန်ခဲ့ခြင်းကို ကိုးကားပြီး ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုအစီရင်ခံစာတွင် "စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် တက္ကသိုလ်များနှင့် စာသင်ကျောင်းများကို စစ်ရေးအတွက်အသုံးချခြင်းမှ ရှောင်ကြဥ်ကြရန် တိုက်တွန်းထားသည်"ဟု ဆိုသည်။

NUGသည် ပြည်သူများ၏ ပညာရေးဆိုင်ရာအခွင့်အရေး (Right to Education)ကို ဖြည့်ဆည်းပေးရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချထားပြီး ကြားကာလပညာ ရေးအစီအမံများ၊ စစ်သည်တော်ကျင့်ဝတ်များကို တင်းကျပ်စွာ လေးစားလိုက်နာကြရန် ထုတ်ပြန်ထားပြီး စစ်သည်တော်ကျင့်ဝတ်များတွင်ပါရှိသည့် ပညာရေးဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်မှုနှင့် ပတ်သက်သည့်အပိုင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် ကိုက်ညီမှုရှိကြောင်း အစီရင်ခံစာထဲတွင် တွေ့ရှိနိုင်သည်ဟု ဆိုသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများ၏ စစ်သည်တော်ဖောက်ဖျက်မှုများ ကျူးလွန်ခြင်းရှိပါက တိုင်ကြားမှုများ ပြုလုပ်နိုင်သည့်နည်းလမ်းများကို ထုတ်ပြန်ထားပြီးဖြစ်သလို အရေးယူဆောင်ရွက်မှုများကို တာဝန်ယူမှုရှိရှိ ဆောင်ရွက်လျက်ရှိကြောင်း NUG၏ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစီရင်ခံစာတွင် ဖော်ပြသည့် အကြံပြုချက်များတွင် ကျူးလွန်သူများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးအပါအဝင် နိုင်ငံတကာ တရားစီရင်ရေးစနစ်များတွင် အပြစ်ပေးအရေးယူနိုင်ရန် ဖော်ပြထားသည်ကို တွေ့ရှိရပြီး NUG အစိုးရအနေဖြင့်လည်း ၂၀၂၁ သြဂုတ် ၂၀ရက်တွင် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်ကို လက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ခုံရုံး၏ မှတ်ပုံတင်အရာရှိထံ တင်သွင်းထားခဲ့ပြီး ဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီတပ်၏ ကျူးလွန်မှုများနှင့် တော်လှန်ရေးအင်အားစုများ၏ ကျူးလွန်မှုများကို ထပ်တူပြုဖော်ပြခြင်းသည် အလွန်အင်မတန် အန္တရာယ်များပြီး၊ မြန်မာပြည်သူများ၏ အာဏာရှင်စနစ်ကို တွန်းလှန်မှု၊ ဖက်ဒရယ်ဒီမိုကရေစီအရေး တောင်းဆိုမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ သဘောပေါက်နားလည်မှုကို လွဲမှားစေသည့် ပုံဖော်မှုဖြစ်စေသည်ဟုလည်း ရေးသားထားသည်။

ထို့ကြောင့် ယခုကဲ့သို့ အရေးကြီးသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ထုတ်ပြန်ရာတွင် အခြေအနေ၏ လေးနက်မှုကို ဂရုပြုလျက် အလွယ်တကူ ကောက်ချက်ဆွဲခြင်းကို ရှောင်ရှားရန် လိုအပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဆိုင်ရာ ဖော်ဆောင်မှုများနှင့် နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများမှတစ်ဆင့် တရားမျှတမှုဖော်ဆောင်မှုများကို ပံ့ပိုးအားပေးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီတပ်

#NUG

#GCPEA

#စာသင်ကျောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required