အဇာဘိုင်ဂျန်နှင့် ပြင်းထန်သည့် တိုက်ပွဲ၌ အာမေးနီးယားစစ်သား ၅၀ ခန့် ကျဆုံး 

အဇာဘိုင်ဂျန်နှင့် ပြင်းထန်သည့် တိုက်ပွဲ၌ အာမေးနီးယားစစ်သား ၅၀ ခန့် ကျဆုံး 

စက်တင်ဘာလ ၁၃ ရက်

လွန်ခဲ့သော နှစ်နှစ်မှနောက်ပိုင်း အဇာဘိုင်ဂျန်နှင့် အဆိုးဆုံး ထိပ်တိုက်တွေ့မှု၌ စစ်သား ၅၀ နီးပါးမျှ ကျဆုံးခဲ့ရကြောင်း အာမေးနီးယားနိုင်ငံက အင်္ဂါနေ့တွင် ပြောလာသော်လည်း ရုရှကမူ သမိုင်းရန်ဘက်နှစ်နိုင်ငံအနေဖြင့် ရုတ်ခြည်း အပစ်ရပ်ရေး သဘောတူလိမ့်မည်ဟု ယုံကြည်ထားကြောင်း ပြောသည်။ 

ပြီးခဲ့သည့်ညက ပြင်းထန်သည့် နယ်စပ်တိုက်ပွဲများ နာရီအတန်ကြာ ဖြစ်ပွားပြီးနောက်တွင် အကူအညီအတွက် ကမ္ဘာ့ခေါင်းဆောင်များကို အာမေနီးယားက မေတ္တာရပ်ခံထားပြီး အဇာဘိုင်ဂျန်တပ်များသည် မိမိတို့ ပိုင်နက်အတွင်းသို့ ထိုးဖောက်ရန် ကြိုးပမ်းနေသည်ဟု ပြောဆိုသည်။ 

နာဂေါ်နို-ကာရာဘက်ခ် အငြင်းပွားနယ်မြေနှင့် ပတ်သက်ပြီး ဆိုဗီယက်ဟောင်း နှစ်နိုင်ငံကြားတွင် ၂၀၂၀ အကုန်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံး ၆,၅၀၀ ကျော် ရှိခဲ့ပြီးနောက် ယခု တိုက်ပွဲသည် အဆိုးဝါးဆုံးပဲ ဖြစ်သည်။ 

အာမေးနီးယား၏ နီးကပ်သော မဟာမိတ်ဖြစ်သည့် ရုရှနိုင်ငံက ယူကရိန်းကျူးကျော်စစ် ခြောက်လအကြာ အာရုံများနေချိန်၌ ယခုကဲ့သို့ တိုက်ပွဲသစ်များ ဖြစ်ပွားလာခြင်းလည်း ဖြစ်သည်။ ၂၀၂၀ က စစ်ပွဲအပြီး၌ ရုရှနိုင်ငံသည် ယင်း အငြင်းပွားဒေသတွင်း၌ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်များ ဖြန့်ကြက်ထားသည်။ 

သို့ရာတွင် ထိပ်တိုက်တိုက်ပွဲကို ချုပ်ငြိမ်းအောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီဟု ရုရှက ပြောပြီး မော်စကိုစံတော်ချိန် နံနက် ၉ နာရီ (ဂရင်းနစ်စံတော်ချိန် နံနက် ၆ နာရီ) တွင် အပစ်ရပ်သဘောတူညီမှု ရရှိကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

“အပစ်ရပ်ရေးအပေါ် ရုရှရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့ ထွက်ပေါ်လာတဲ့ သဘောတူညီချက် ရလဒ်ကို ဖြည့်ဆည်းကြလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု ယင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြပြီး တိုက်ပွဲများ ပြင်းထန်ခြင်းကြောင့် “အလွန်စိုးရိမ်ပူပန်ကြောင်းလည်း ဖြည့်စွက်ဆိုသည်။ 

အာမေးနီးယား ဝန်ကြီးချုပ် နစ်ကိုးလ် ပါရှင်ယန်က အဇာဘိုင်ဂျန်၏ ရန်လိုသော လုပ်ရပ်များကို “လုံလောက်သည့် အရေးယူမှု” လုပ်ဆောင်ရန် ပြင်သစ်သမ္မတ မက်ခရွန်၊ ရုရှသမ္မတ ပူတင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင့်ကင်တို့နှင့် ဖုန်းပြောဆို တိုက်တွန်းပြီးနောက်တွင် အင်္ဂါနေ့ နံနက်ပိုင်း၌ လွှတ်တော်တွင် မိန့်ခွန်းပြောခဲ့သည်။ 

“လတ်တလောမှာ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့ဝင် ၄၉ ဦး ကျဆုံးခဲ့ရပါတယ်၊ စိတ်မကောင်းစရာပါပဲ၊ ဒါဟာ နောက်ဆုံး စာရင်း မဟုတ်သေးပါဘူး”ဟု ပါရှင်ယန်က လွှတ်တော်အမတ်များအား ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly