ပုလဲမြို့နယ် မွေ့တုံကျေးရွာအား စစ်ကောင်စီမှ ၃ ကြိမ်မြောက်မီးရှို့ဖျက်ဆီး

ပုလဲမြို့နယ် မွေ့တုံကျေးရွာအား စစ်ကောင်စီမှ ၃ ကြိမ်မြောက်မီးရှို့ဖျက်ဆီး

September 13

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မွေ့တုံကျေးရွာအား စက်တင်ဘာလ ၁၃ရက် ယနေ့မနက် ၈နာရီ၁၅မိနစ်အချိန်ခန့်တွင် စစ်ကောင်စီမှ တတိယအကြိမ်မြောက်မီးရှို့ဖျက်ဆီးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီမှ အင်အား ၁၅၀ ခန့်ဖြင့် စက်တင်ဘာလ ၄ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်မှ ပုလဲမြို့နယ်အတွင်းသို့ ဝင်ရောက်လာပြီး လှော်ကားကျေးရွာသို့ စတင်ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား ယူဆောင်သွားပြီး အင်မထီးကျေးရွာ ပျူစောထီးစခန်း၌ တပ်ဆွဲခဲ့ကြောင်း သိရ သည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် အင်မထီးကျေးရွာမြောက်ဘက်ရှိ ကန့်ဒေါင့်ကျေးရွာအနီးတွင် ပြည်သူပိုင်လှည်း ၄၇စီးနှင့် ပစ္စည်းများအားထပ်မံယူဆောင်ခဲ့ပြီး ၁၀ရက်နေ့တွင် တနယ်ကျေးရွာနှင့် လုပ်သားကျေးရွာမှ ဆန်အိတ်ထောင်ချီနှင့် အခြားစားနပ်ရိက္ခာများအား လှည်း၃၇ စီးဖြင့်သယ်ဆောင်ကာ အင်မထီးကျေးရွာသို့ ထပ်မံယူဆောင်သွားကြောင်း သိရသည်။

"အင်မထီးစခန်းကို စစ်ကောင်စီက စားနပ်ရိက္ခာမထောက်ပံ့တော့ အဲဒီ့စစ်ကြောင်းက ပြည်သူပိုင်ပစ္စည်းတွေစားနပ်ရိက္ခာတွေကို လုပြီးတော့ အင်မထီးကို သွားထောက်ပံ့နေတာ၊ ၁၂ရက်နေ့မှာသူတို့စစ်ကြောင်းက ရွှေလောင်းကျေးရွာကိုရောက်တယ်၊ ဒီနေ့မနက်မှာ ရွှေလောင်းကျေးရွာကနေ လက်နက်ကြီးတွေနဲ့ပစ်ပြီး မွေ့တုံကိုဝင်ရှို့တာ၊ မွေ့တုံမှာက အရင်နှစ်ခါမီးရှို့ခံထားရတော့ အိမ်နဲ့တူတာကိုမရှိဘူး၊ အိမ်လို့အမည်တပ်လို့တောင်မရဘူး၊ ယာယီတဲလေးတွေဆောက်ပြီးနေကျရတာ၊အဲ့ဒါကို အဲဒီ့တဲတွေကို ဝင်ရှို့နေတာ တိုက်ပွဲလဲဖြစ်တာမဟုတ်ဘဲနဲ့"ဟု ပုလဲ ပ.က.ဖ အဖွဲ့တာဝန်ရှိသူကပြောသည်။

မွေ့တုံကျေးရွာအားစစ်ကောင်စီမှ ဇန်နဝါရီလ ၃၁ရက်နေ့တွင် ပထမအကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၁၇၀မီးလောင်ဆုံးရှုံးခဲ့ကာ ဒုတိယအကြိမ်တွင်၃၆ လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး ယခုမှာ တတိယအကြိမ်ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။

စက်တင်ဘာလ ၄ ရက်နေ့မှ စတင်ကာစစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ပုလဲကျေးရွာရှိကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး တနယ်ကျေးရွာရှိ ပြည်သူတစ်ဦးနှင့် လှော်ကားကျေးရွာရှိ ပြည်သူတစ်ဦးတို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပုလဲကျေးရွာ

#အင်မထီးစခန်း

#စစ်ကောင်စီ

#စစ်ကိုင်းတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly