ဟင်္သာတမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီတပ်က ကင်းလှည့်ခိုင်းသော်လည်း ကင်းလှည့်မည့်သူမရှိ

ဟင်္သာတမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီတပ်က ကင်းလှည့်ခိုင်းသော်လည်း ကင်းလှည့်မည့်သူမရှိ

September 13

မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် ၊ဟင်္သာတမြို့နယ်အတွင်း ကျေးရွာများတွင် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးများကို ညစဥ်ကင်းလှည့်ခိုင်းနေသော်လည်း ကင်းလှည့်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စုပေါင်းကာ ညစဥ်ကင်းလှည့်ရန် စစ်ကောင်စီတပ်များက သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများသို့ ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့က လိုက်လံအကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

"လုံခြုံရေးအရ ညတိုင်းကင်းလှည့်ရမယ်ဆိုပြီး စစ်တပ်ကလာ ပြောသွားတာ၊ သူခိုးဝင်တာဖြစ်ဖြစ်၊ PDF တွေဝင်တာဖြစ်ဖြစ် သူတို့ကို ချက်ချင်းအကြောင်းကြားဖို့လည်း ပြောသေးတယ်၊ သူတို့(စစ်ကောင်စီတပ်များ)လာပြောပြီး တစ်ရက်၊ နှစ်ရက်တော့ တစ်ရွာ၊ နှစ်ရွာလောက်က အုပ်ကြီးတွေကင်းလှည့်ကြသေးတယ်၊ အခုတော့ ကြောက်လို့ထင်တယ် ဘယ်သူမှ မလှည့်ကြတော့ဘူး"ဟု ၎င်းကဆိုသည်။

ယင်းအပြင် ဟင်္သာတမြို့နယ်အတွင်း ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးအများစုမှာ ၎င်းတို့၏ ရာထူးများမှ နုတ်ထွက်ချင်နေကြောင်း၊ စစ်ကောင်စီက ခွင့်မပြုသဖြင့် ဆက်လက်လုပ်ကိုင်နေရကြောင်း ဆက်ပြောသည်။

"ဟင်္သာတမြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၁၂၀ ကျော်ရှိတယ်၊ အဲ့ဒီအထဲက သုံးပုံ နှစ်ပုံလောက်က ထွက်ချင်နေကြတာ၊ တချို့က ဒလန်ဖြစ်နေတယ်ဆိုပေမယ့် တချို့ကတော့ ထွက်လို့မရလို့ ဆက်လုပ်နေကြရတာပါ"ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက ဟင်္သာတမြို့ပေါ်ရပ်ကွက်များအတွင်း ညစဥ်ညတိုင်း ကင်းလှည့်နေကြသည်ဟု သိရပြီး ပိတ်ဆို့စစ်ဆေးမှုများ မကြာခဏ ပြုလုပ်နေကြသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ ဟင်္သာတခရိုင်အတွင်း လှုပ်ရှားနေသည့် PDF တပ်ဖွဲ့ဝင်တစ်ဦးအား ဆက်သွယ်မေးမြန်းရာ "ကင်းလှည့်မယ်ဆိုလည်း လှည့်ပေါ့၊ ကျန်တာကတော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲ၊ ကျွန်တော်တို့ကတော့ စစ်ကောင်စီဒေါက်တိုင်ဆိုရင် ဘယ်သူ့ကိုမှ ညှာမှာမဟုတ်ဘူး၊ပြည်သူနဲ့ မပူးပေါင်းသေးရင်တော့ ကျွန်တော်တို့ရဲ့ရန်သူလို့ပဲ သတ်မှတ်ရမှာပဲ၊ ဒါကြောင့် ပြည်သူနဲ့ ပူးပေါင်းပါလို့ပြောချင်တယ်"ဟုပြောသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း

#ဟင်္သာတမြို့

#အုပ်ချုပ်ရေးမှူး

#ကင်းလှည့်စစ်ဆေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly