ရုရှနိုင်ငံအတွင်း ယူကရိန်းစစ်ကို ဆန့်ကျင်သူများအား ‘ခြိမ်းခြောက်မှု’ ကို ကုလသမဂ္ဂ ရှုတ်ချ 

ရုရှနိုင်ငံအတွင်း ယူကရိန်းစစ်ကို ဆန့်ကျင်သူများအား ‘ခြိမ်းခြောက်မှု’ ကို ကုလသမဂ္ဂ ရှုတ်ချ 

စက်တင်ဘာလ ၁၂ ရက်

ယူကရိန်းစစ်ပွဲအား ဆန့်ကျင်ပြောဆိုသည့် ရုရှနိုင်ငံတွင်းက ပြည်သူများကို “ခြိမ်းခြောက်ခြင်းများ” အား ကုလသမဂ္ဂ ခေတ္တ လူ့အခွင့်အရေး အကြီးအကဲက တနင်္လာနေ့တွင် ရှုတ်ချပြီး ယင်းသည် အခြေခံ လွတ်လပ်ခွင့်များကို ယိုင်နှဲ့စေလိမ့်မည်ဟု သတိပေးသည်။ 

“ယူကရိန်းက စစ်ပွဲကို ဆန့်ကျင်ပြောဆိုသူများအပေါ် ခြိမ်းခြောက်ခြင်း၊ တားမြစ်ခြင်းနှင့် ဒဏ်ခတ်ပိတ်ဆို့ခြင်း”များအား ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၌ လက်ထောက် လူ့အခွင့်အရေးအကြီးအကဲ နာဒါ အယ်လ် နာရှစ်က ရှုတ်ချပြောဆိုခြင်း ဖြစ်သည်။ 

ယင်းသို့သော လုပ်ရပ်များသည် “လွတ်လပ်စွာ စုံရုံးခွင့်၊ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသင်းအပင်းဖွဲ့ခြင်းများ အပါအဝ်င အခြေခံလွတ်လပ်ခွင့်များကို အာမခံပေးထားချက်များအား ယိုင်နှဲ့စေမည်ဟု” ၎င်းက သတိပေးသည်. 

ထိုပြင် သတင်းသမားများအား ဖိအားပေးခြင်း၊ အင်တာနက်ရင်းမြစ်များ ပိတ်ဆို့ခြင်းနှင့် အခြားသော ဆင်ဆာဖြတ်တောက်မှု ပုံစံများ”ကိုလည်း အမျိုးသမီးတစ်ဦးဖြစ်သည့် အယ်လ် နာရှစ်က ဝေဖန်ပြောဆိုသည်။ အယ်လ် နာရှစ်အနေဖြင့် မီချဲလ် ဘာချက်လက်နေရာတွင် အကြီးအကဲသစ် ဗိုကာ တက်ခ် တာဝန်မထမ်းခင်အထိ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် လက်ရှိ၌ တာဝန်ယူထားသည်။ 

ထိုသို့သော လုပ်ရပ်များသည် “မီဒီယာ ကျယ်ပြန့်မှုနှင့် ဖီလာကန့်လန့်ဖြစ်သကဲ့သို့ သတင်းအချက်အလက် ရရှိရေး အခွင့်အရေးကိုလည်း ချိုးဖောက်ရာရောက်သည်ဟု ၎င်းက ဆိုသည်။ 

“ရုရှနိုင်ငံအနေနဲ့ တစ်သီးပုဂ္ဂလတွေကို အပါအဝင် မီဒီယာတွေကိုပါ ပြည်ပဩဇာခံတယ်လို့ သုံးသပ်ပြီး ‘ပြည်ပအေးဂျင့်’ အဖြစ် သတ်မှတ်တာမျိုးတွေကို ပြန်လည်သုံးသပ်ဖို့ ကျွန်မတို့ တိုက်တွန်းတယ်”ဟု ၎င်းက ပြောသည်။ 

ရုရှနိုင်ငံ၏ လုံခြုံရေးကို တိုက်ရိုက် ဆန့်ကျင်မှုအဖြစ် နိုင်ငံများ၏ ကိုယ်စားလှယ်များ၊ ပြည်ပနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မကြေညာသော ဆက်သွယ်မှုများကို ရာဇဝတ်မှုသဖွယ် ဆက်ဆံနေခြင်းမျိုးကိုလည်း ထိန်းချုပ်ရန် ၎င်းက ရုရှနိုင်ငံကို တိုက်တွန်းသည်။ 

ယခု အယ်လ် နာရှစ်၏ မှတ်ချက်စကားသည် အောက်တိုဘာ ၇ ရက်အထိ ကြာမြင့်မည်ဖြစ်သော လူ့အခွင့်အရေးကောင်စီ၏ ၅၁ ကြိမ်မြောက် အစည်းအဝေးတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly