ကမ္ဘာတစ်ဝန်း ခေတ်သစ်ကျေးကျွန်ပြုမှုဒဏ်ခံနေရသူပေါင်း သန်း ၅၀ ခန့် ရှိနေဟု ကုလ ပြော

ကမ္ဘာတစ်ဝန်း ခေတ်သစ်ကျေးကျွန်ပြုမှုဒဏ်ခံနေရသူပေါင်း သန်း ၅၀ ခန့် ရှိနေဟု ကုလ ပြော

စက်တင်ဘာလ ၁၂ ရက်

ကမ္ဘာတစ်ဝန်း လူသန်းပေါင်း ၅၀ ခန့်သည် အဓမ္မ လက်ထပ်ပေးစားခံရခြင်း သို့မဟုတ် အဓမ္မ အလုပ်ခိုင်းစေခံရခြင်း ပုံစံဖြင့် အသုံးချခံရပြီး ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၁၂ ရက်တွင် ပြောသည်။ ထိုကဲ့သို့ ခေတ်သစ်ကျေးကျွန်သဖွယ် အသုံးပြုခံနေရသူဦးရေသည် မကြာသေးသည့် နှစ်များအတွင်း သိသိသာသာ တိုးလာနေကြောင်းလည်း ကုလက သတိပေးသည်။

၂၀၃၀ မတိုင်မီ ပုံစံအမျိုးမျိုးဖြင့် ခေတ်သစ်ကျေးကျွန်ပြုမှုကို အဆုံးသတ်အမြစ်ဖြတ်မည့် ရည်မှန်းချက်တစ်ခု ကုလသမဂ္ဂက သတ်မှတ်ထားရှိသော်ငြား ၂၀၁၆ နှင့် ၂၀၂၁ အကြား အဓမ္မခိုင်းစေခံရမှု သို့မဟုတ် အတင်းအကျပ် လက်ထပ်ပေါင်းသင်းခံရမှုတို့အောက်တွင် ပိတ်မိနေသူဦးရေသည် ၁၀ သန်း တိုးလာခဲ့ကြောင်း အစီရင်ခံစာသစ်တစ်ရပ်က ဖော်ပြသည်။

အလုပ်သမားနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ကုလအေဂျင်စီများနှင့် Walk Free ဖောင်ဒေးရှင်းတို့ အတူတကွလုပ်ဆောင်သော လေ့လာချက်အရ ယမန်နှစ်ကုန်တွင် လူ ၂၈ သန်းသည် အဓမ္မ လုပ်သားခိုင်းစေခံရသူများအဖြစ် ရှိနေခဲ့သလို လူ ၂၂ သန်းခန့်သည်လည်း အတင်းအကျပ် လက်ထပ်ပေးစားခံထားရသည့် အခြေအနေဖြင့် နေထိုင်နေရသည်ကို တွေ့ရှိခဲ့သည်။

ယင်းသည် ကမ္ဘာပေါ်တွင် လူအယောက် ၁၅၀ တိုင်းတွင် တစ်ဦးနီးပါးနှုန်းက ခေတ်သစ်ကျေးကျွန်ပြုခံရမှု ပုံစံများအောက်တွင် ရှိနေသည် ဆိုသည့် အဓိပ္ပါယ်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

“ခေတ်သစ် ကျေးကျွန်ပြုမှု အခြေအနေက တိုးတက်ကောင်းမွန်မှု မရှိဘဲ ဆိုးဝါးနေတာက တုန်လှုပ်ဖွယ်ကောင်းနေပါတယ်” ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) ၏ အကြီးအကဲ ဂိုင်း ရစ်ဒါက ပြောသည်။

“ဒီလို လူ့အခွင့်အရေးကို ချိုးဖောက်မှုမျိုး ဆက်ရှိနေတာက မှန်ကန်တရားမျှတတယ်ဆိုပြီး ဘယ်အရာကမှ ပြသနိုင်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly