လောင်စာဆီဈေးတက်နေစဉ် ရုရှရေနံကို ဝယ်ယူရန် အင်ဒိုနီးရှား စဉ်းစား

လောင်စာဆီဈေးတက်နေစဉ် ရုရှရေနံကို ဝယ်ယူရန် အင်ဒိုနီးရှား စဉ်းစား

စက်တင်ဘာလ ၁၂ ရက်

အင်ဒိုနီးရှားနိုင်ငံတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်မှု၏ တိုးလာနေသည့် ဖိအားကို လျော့ပါးစေရေးအလို့ငှာ သမ္မတ ဂျိုကို ဝီဒိုဒိုက ရုရှထံမှ ရေနံကို ဝယ်ယူသွားရန် စဉ်းစားလျက် ရှိကြောင်း Financial Times သတင်းစာက စက်တင်ဘာ ၁၂ ရက်တွင် ဖော်ပြသည်။ လက်ရှိကာလတွင် ရုရှရေနံကို အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က ဝယ်ယူလျက် ရှိရာတွင် အင်ဒိုနီးရှားကလည်း အလားတူအတိုင်း လိုက်လုပ်ရန် စဉ်းစားနေခြင်း ဖြစ်သည်။

“ရွေးစရာ နည်းလမ်းအားလုံးကို ကျွန်တော်တို့ အမြဲတစေ စောင့်ကြည့်လေ့လာပါတယ်။ အကယ်၍များ ပိုပြီး သင့်တော်ကောင်းမွန်တဲ့ ဈေးနှုန်းမျိုးနဲ့ ကမ်းလှမ်းရောင်းချပေးမယ့် နိုင်ငံတစ်နိုင်ငံ ရှိမယ်ဆိုရင် ကျွန်တော်တို့ ဝယ်ဖို့ စဉ်းစားမှာပေါ့” ဟု ဝီဒိုဒိုက Financial Times နှင့် တွေ့ဆုံသည့် အင်တာဗျူးတစ်ခုတွင် အင်ဒိုနီးရှားအနေဖြင့် ရုရှထံမှ ရေနံကို ဝယ်ယူသွားမလား ဆိုပြီး မေးမြန်းခံရမှုကို ဖြေကြားသွားခဲ့သည်။

ယခုလအစောပိုင်းက အင်ဒိုနီးရှားသမ္မတသည် နိုင်ငံတွင် လောင်စာဆီဈေးနှုန်းများကို ၃၀ ရာခိုင်နှုန်း မြှင့်တင်ခဲ့ပြီး ဘဏ္ဍာရေး ဖိအားများကြောင့် မတတ်သာသည့်အဆုံး အဆိုပါ ဈေးနှုန်းမြှင့်တင်မှုကို “နောက်ဆုံးရွေးစရာနည်းလမ်း” အဖြစ် လုပ်ဆောင်ခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။ လောင်စာဆီဈေးတက်မှုကြောင့် လူဦးရေ သန်းပေါင်း ၂၇၀ ရှိ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ဂျီ ၇ အုပ်စု နိုင်ငံများက သဘောတူသတ်မှတ်ထားသည့် ဈေးနှုန်းကန့်သတ်မှု သတ်မှတ်ချက်၏ အထက် ဈေးနှုန်းများဖြင့် ရုရှရေနံကို ဝယ်ယူရန် လုပ်ဆောင်ပါက အင်ဒိုနီးရှားအနေဖြင့် အမေရိကန်၏ အရေးယူပိတ်ဆို့မှုကို ခံရနိုင်သည်။

အင်ဒိုနီးရှားသည် ရုရှရေနံကို ၃၀ ရာခိုင်နှုန်း လျှော့ဈေးတစ်ရပ်ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခံထားရကြောင်း ပြီးခဲ့သည့် ဩဂုတ်လက အင်ဒိုနီးရှား ခရီးသွားဝန်ကြီး ဆန်ဒီယာဂါ အူနိုက ပြောသည်။ ထို့နောက် ရုရှ ရေနံ ဝယ်ယူခြင်း၏ အန္တရာယ် စွန့်စားရမှု အခြေအနေများကို သုံးသပ်နေကြောင်း အင်ဒိုနီးရှား၏ နိုင်ငံပိုင်ရေနံကုမ္ပဏီ Pertamina က ပြောသည်။

အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားတွင် အစားအစာဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ ဩဂုတ်လက နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းက ၄ ဒသမ ၆၉ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး ယင်းသည် ဗဟိုဘဏ်၏ ရည်မှန်းနှုန်းထားဖြစ်သည့် နှစ်ရာခိုင်နှုန်းနှင့် လေး ရာခိုင်နှုန်းအကြား အတိုင်းအတာထက် သုံးလဆက်တိုက် ကျော်လွန်ခြင်း ဖြစ်သည်။

 

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly