တဖြည်းဖြည်း တက်လာသည့် ကုန်ဈေးနှုန်းနှင့် တနေ့တခြား ခက်ခဲလာသည့် ပြည်သူများ (ဆောင်းပါး)

တဖြည်းဖြည်း တက်လာသည့် ကုန်ဈေးနှုန်းနှင့် တနေ့တခြား ခက်ခဲလာသည့် ပြည်သူများ (ဆောင်းပါး)

စက်တင်ဘာ ၁၂

“အစ်မက အရင်ကဘာမှမလုပ်ရဘူး၊ ယောကျ်ားပန်းရံလုပ်စာနဲ့ မိသားစု ကလေးသုံးယောက် အမေကြီးလည်းရှိသေးတယ် စားလို့ရတယ်။ အခုက အစ်မကလေးတွေက ငယ်သေးတော့ အိမ်မှာ အမေနဲ့ထားခဲ့ရတယ်။ အစ်မကတော့ သူများအိမ်မှာ အလုပ်လာလုပ်ရတာပေါ့" 

ရန်ကုန်မြို့ သာကေတတွင်  အလှူရှင်တစ်ဦးက ဆန်၁ပြည်(သို့) ကြက်ဥဆယ်လုံးကို ၁၀၀ကျပ်ဖြင့် ရောင်းချပေးနေသည့် နေရာတွင် ဝယ်ယူဖို့ တန်းစီရင်း မကြည်နု(အမည်လွှဲက) ရင်ဖွင့်နေခြင်းဖြစ်သည်။

မကြည်နုတို့ လင်မယားနှစ်ဦးတွင် သမီးတစ်ယောက်နှင့် သားနှစ်ယောက်ရှိကာ မိခင်ဖြစ်သူနှင့်အတူ သာကေတတွင် နေထိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့ခြောက်ဦးတွင် နေ့စဉ်ပုံမှန်ဝင်ငွေဟူ၍ မရှိဘဲ စာဝတ်နေရေးအတွက် လင်မယားနှစ်ယောက်စလုံး အလုပ်ထွက်လုပ်နေကြရသည်။

"ယောက်ျားက ပန်းရံလုပ်ရင် အရင်က တနေ့ နှစ်သောင်းခွဲ၊ သုံးသောင်းနဲ့ ရတဲ့နေ့ရှိတယ်။ အခုတော့ အဲ့လိုလည်းအလုပ်မရတော့ဘူး။ သူ့လုပ်စာနဲ့ပဲ ရတာလေးနဲ့ ထိုင်နေလို့မရတာနဲ့ အစ်မက သူများအိမ်ထွက်အလုပ်လုပ်ရတာ။ အစ်မက မနက်စာ နေ့လည်စာ အလုပ်ရှင်အိမ်မှာစားလိုက်တော့ အိမ်မှာတစ်ယောက်စာသက်သာတယ်လေ။ အိမ်ရှင်တွေက သူတို့ပိုတာ၊ ကျန်တာထည့်ပေးလိုက်ရင်လည်း အိမ်က ကလေးနဲ့ မိသားစုတွေစားလို့ရတာပေါ့။ အခုက ထမင်းနပ်မှန်ဖို့မလွယ်ဘူးနော်။ မိသားစုလူကုန်အလုပ်လုပ်မှ။ စျေးတွေက အရမ်းတက်နေတာ။"ဟု အသက်၄၀အရွယ် အသားညိုညို ပိန်ပိန်ပါးပါးနှင့် မကြည်နု(အမည်လွှဲ)က ဆန်နှင့်ကြက်ဥ ရဖို့ တန်းစီစောင့်ရင်း စိတ်မရှည်တော့သည့် လေသံဖြင့် ပြောသည်။ 

မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်က မတရားအာဏာသိမ်းပြီး တစ်နှစ်ကျော်လာချိန်တွင် ကုန်စေ◌ျးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာနေပြီး မကြည်နုတို့လို တစ်နေ့လုပ်မှတစ်နေ့စားရသည့်  အခြေခံလူတန်းစားများအဖို့ စားဝတ်နေရေးအတွက် အခက်အခဲ အကြပ်အတည်းများနှင့် ပိုမိုရင်ဆိုင်နေကြရသည်။

အထက်ပါဇယားရှိ ကုန်ဈေးနှုန်းမြင့်တက် ပြောင်းလဲမှုများကို ကြည့်ခြင်းအားဖြင့် ပြည်သူများမှာ နေ့စဉ်ပုံမှန်စားသုံးနေရသည့် စရိတ်ကို နှစ်ဆခန့်ပိုသုံးနေကြရသည်ကို တွေ့မြင်နိုင်သည်။

ကုန်ဈေးနှုန်းတက်လျင် ပထမဆုံး ထိခိုက်မည့်သူများမှာ မနုကြည်တို့လို လက်လုပ်လက်စား ဆင်းရဲသားများ၊ ပုံသေဝင်ငွေရသည့် လခစားသမားများဖြစ်ပြီး ကုန်ဈေးနှုန်းတက်ခြင်းက ပမာဏများပြီး အရှိန်အဟုတ်မြင့်လာကာ ပိုမိုကြာရှည်လာခဲ့လျင် လူလတ်တန်းစားများနှင့် ငွေကြေးချမ်းသာသူများကိုပါ ထိခိုက်လာမည် ဖြစ်သည်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ အိမ်မှာ ဆန်စုထားမယ်။ ဆီစုထားမယ်လုပ်နိုင်ပေမယ့် မကြီးတို့က ဆီတောင်ပုံးနဲ့ဝယ်စားနိုင်တဲ့အထဲမပါဘူး။ ဆန်ကလည်း ချက်ဖို့လိုသလောက်ပဲ တနေ့ရတဲ့ထဲက တနေ့စာဝယ်စားရတဲ့လူတွေပါ။ အမေကတော့ အစ်မတို့လင်မယားအပြင်ထွက်အလုပ်လုပ်လို့ ကလေးထိန်းပြီး အိမ်အလုပ်တွေနဲ့ကျန်ခဲ့ပေမယ့် ကိုယ်တွေကလည်း အိမ်ပြန်ရင် ပိုက်ဆံပြန်ပါသွားချင်တယ်။ အဲ့ဒါမှ ညစာစားဖို့ရှိမှာ။ ကိုယ်က သူများအိမ်ကစားလာပေမယ့် ကလေးတွေကို ရေတိုက်ပြီးသိပ်လို့မှမရတာ။ ရှာရတာပေါ့။”ဟု မနုကြည်က ပြောသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်၏ ရိုက်ခက်မှုကြောင့် မြန်မာနိုင်ငံတွင် ဒုစရိုက်မှုများ တိုးလာခြင်း၊ ကိုယ့်ကိုယ်ကို သတ်သေနှုန်းမြင့်တက်လာခြင်းနှင့် ပြည်ပသို့ထွက်ခွာကာ အလုပ်လုပ်ကိုင်သူ များပြားလာခြင်းတို့ ဖြစ်ပေါ်လာသည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

“ အစိုးရလုပ်ချင်လို့ အစိုးရတက်လုပ်နေတဲ့သူက နိုင်ငံရဲ့ ဒီကိစ္စတွေကို စီမံခန့်ခွဲနိုင်ရမယ်၊ အစိုးရလုပ်တယ်ဆိုတာ စစ်ရေးတစ်ခုတည်းကိုပဲ အာရုံစိုက်လို့မရဘူး၊ နိုင်ငံတော်ရဲ့ ကိစ္စအဝဝကို တာဝန်ယူနိုင်သလိုနဲ့ အာဏာသိမ်းခဲ့တာ၊ အခုဆို စေ◌ျးတွေက အဆမတန်တက်နေပြီး၊ ဒါတွေကို မဖြေရှင်းနိုင်ရင်တော့ ဘယ်လိုမှ အဆင်ပြေမှာမဟုတ်ဘူး”ဟု အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးက ပြောသည်။

အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်းများ၊ စားသုံးဆီ၊ စက်သုံးဆီ စသည့်ဈေးနှုန်းများနှင့်ပက်သက်၍ ဈေးကစားမှုများ အလွန်အကျွံဖြစ်လာပါက အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဟု ဩဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကထည့်သွင်းပြောကြားခဲ့သည်။ 

"အခုလုပ်နေတာ စားအုန်းဆီ၊ စက်သုံးဆီတို့နဲ့ ပတ်သက်ပြီး လုပ်နေတာ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အလွန်အကျွံဖြစ်လာရင်တော့ အရေးယူတာမျိုး လုပ်ရပါ့မယ်၊ အခြေခံစားသောက်ကုန်ဈေးနှုန်းနဲ့ ပတ်သက်ရင် ဈေးကွက်စီးပွားရေးစနစ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အလွန်အကျွံကြီး သွားပြီး ဆောင်ရွက်ရင် ကုန်သွယ်မှုနဲ့ ဈေးကွက်စီးပွားရေးတို့မှာ ထိခိုက်မှာ စိုးရပါတယ်" ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ 

အချို့သောစားသောက်ကုန်များသည် ပြည်တွင်း၌ပင် ထွက်ရှိသောကြောင့် ပြည်ပတင်ပို့မှုအပိုင်းတွင် အကန့်အသတ်ဖြင့် တင်ပို့ရန်ညွှန်ကြားထားကြောင်းလည်း ၎င်းက ဆိုသည်။

အခြေခံကုန်စေ◌ျးနှုန်းများမှာ နှစ်ဆနီးပါတက်သွားသော်လဲ လုပ်ခလစာမှာ တိုးတက်ပြောင်းလဲလာခြင်းအရှိသည့်အတွက် အနိမ့်ဆုံး လုပ်ခလစာ တစ်ရက် ၄၈၀၀သာရတဲ့ အခြေခံအလုပ်သမားများအတွက် ဝင်ငွေနှင့် ထွက်ငွေမမျှတမှုက ကြီးမားသည့်ပြဿနာ ဖြစ်လာနေပြီး
စားဝတ်နေရေးအတွက် နည်းလမ်းပေါင်းဆုံဖြင့် လျော့တွက်ကာ စဉ်းစားလာနေကြရသည်။

မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာကို ၂၀၁၆ ခုနှစ်တွင် ၃၆၀၀ဖြင့် စတင်သက်မှတ်ခဲ့ပြီး ၂၀၁၈ခုနှစ်တွင် ၄၈၀၀သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ အနိမ့်ဆုံးအခကြေးငွေဥပဒေထဲတွင် အနိမ့်ဆုံးလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပြင်ဆင်ရမည်ဟု ပါရှိသော်လည်း နောက်ဆုံးပြောင်းလဲခဲ့သည့် ၂၀၁၈ မေလမှ  လက်ရှိအချိန်ထိ ၄နှစ်ကျော်ကြာအထိ ပြောင်းလဲသတ်မှတ်ပေးခြင်းမရှိသေးကြောင်း ဒေါ်မျိုးမျိုးအေးက ပြောသည်။

“ အနိမ့်ဆုံးအခကြေးငွေဥပဒေထဲမှာ နှစ်နှစ်တစ်ကြိမ် တိုးမလား ၊ ဒီတိုင်းထားမလားဆိုတာကို ပြန်လည်သုံးသပ်ဖို့ပါတယ်၊ ကုန်ဈေးနှုန်းတွေတက်လာရင် လုပ်ခလစာတွေလဲ တိုးပေးဖို့ ပြန်လည်သုံးသပ်ပြီး ပြောင်းလဲသက်မှတ်ရမယ်ဆိုတာ ရှိတယ်၊ အခုက စားသောက်နေထိုင်ရေးမှာ မိသားစုစားဝတ်နေရေးအတွက် ချွေတာပြီး သုံးစွဲလာရတာတွေ ရှိလာနေတယ်၊ လူတစ်ဦးရဲ့ လုပ်ခလစာက ၃ ဒေါ်လာအောက်ရောက်သွားရင် ကျွန်မတို့နိုင်ငံက ဆင်းရဲတဲ့ နိုင်ငံစာရင်းထဲကို ဝင်သွားမှာပဲ၊ ” ဟု ဒေါ်မျိုးမျိုးအေးက ပြောသည်။

စားဝတ်နေရေးအတွက် အခြေခံကုန်ဈေးနှုန်များ မြင့်တက်ရုံသာမက အဓိက အရေးကြီးသည့်အထဲပါဝင်သည့် ဆေးဝါးဈေးနှုန်းများကလည်း မြင့်တက်နေသည်။

မနုကြည်တို့လို တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများအတွက်တော့ နေ့စဉ်ပုံမှန် အလုပ်ရနေဖို့နှင့် စားဝတ်နေရေးအဆင်ပြေဖို့မှလွဲ၍ ကျန်တာ ဘာမှမစဉ်းစားနိုင်ပါ။

ယခုလည်း အလှူရှင်တစ်ဦးက ဆန်၁ပြည်(သို့) ကြက်ဥ၁၀လုံးကို ၁၀၀ကျပ်ဖြင့် ရောင်းချပေးနေသည့် နေရာတွင် အချိန်သုံးနာရီခန့်တန်းစီစောင့်ခဲ့ရသော်လည်း  ပစ္စည်းများကို သူမမရလိုက်ပေ။ အလှူရှင်မှ လူအယောက် ၁၀၀ကျော်အတွက် အသက်သာဆုံးစေ◌ျးနှုန်းဖြင့် ရောင်ချပေးခဲ့ခြင်းဖြစ်ပြီး သူမ အလာနောက်ကျခြင်းကြောင့် ဖြစ်သည်။ သူမကဲ့သို့ အချိန်ကြာတန်းစီရပြီး ဆန်နှင့်ကြက်ဥမရလိုက်သည့်သူ များသည်လည်း ဒေါသများထွက်ခါ ဆူပူမှုများပင် ဖြစ်ခဲ့သေးသည်။

“ဘယ်နေရာမှာ ဘာတွေလှူနေလဲ။ ဘယ်ဟာတွေဆို စျေးသက်သာလည်း လိုက်နားထောင်နေတာ။ လှူနေတာတွေ့ရင်လည်း တကယ်မရှိတဲ့သူပဲရစေချင်တယ်။ ယူစေချင်တယ်။ ရှိတဲ့သူ ဝယ်စားနိုင်တဲ့သူက လာယူရင် မရှိတဲ့သူက နစ်နာတယ်။ မကြီးတို့က တကယ်မရှိတာ။ ယောက်ျားက လခစားမဟုတ်ဘူးလေ။ သူဘယ်လောက် အလုပ်လိုက်သွားသွား အလုပ်ရှိမှ သူတို့အဖွဲ့လိုက်သွားလုပ်မှ ပိုက်ဆံရတာလေ။ အဲ့တော့ အစ်မရနေတဲ့ တစ်နေ့ဝင်ငွေက အစ်မတို့ ခြောက် ယောက် မငတ်ဖို့မနည်းလုပ်နေရတာ” ဟု မနုကြည်က ဆန်နှင့်ကြက်ဥ မရလိုက်သည့်အတွက် အိမ်သို့ပြန်တော့မည့် ဆဲဆဲတွင် ပြောသည်။

ထိုသို့ ပြည်သူများဒုက္ခရောက်နေချိန်တွင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်တပ်ဗိုလ်ချုပ်ကြီးများ၏ မိသားစုပိုင်ကုမ္ပဏီများမှာ မြန်မာပြည်တွင်း၌ ပိုမို၍ လုပ်ငန်းများချဲ့ထွင်လာနေပြီး အကျိုးအမြတ်များ ရနေကြသည်။

မြန်မာပြည်တွင်း၌ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများ ချုပ်ကိုင်ချယ်လှယ်ထားသည့် ကုမ္ပဏီ ၁၀၀ကျော်ရှိနေသည်ဟု Justice For Myanmar အဖွဲ့မှ ထုတ်ပြန်ထားသည်။

အမေရိကန်နှင့် အနောက်နိုင်ငံအချို့က ၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် အဆိုပါကုမ္ပဏီအများစုကို စီးပွားရေးပိတ်ဆို့မှုများချမှတ်ထားသော်လည်း ထိုကုမ္ပဏီများသည် လက်ရှိအချိန်တွင် စီမံကိန်းလုပ်ငန်းအများစုကို တိုးချဲ့ချုပ်ကိုင်ထားသည်။ နိုင်ငံမှ ထွက်ခွာသွားသော ကုမ္ပဏီများ၏ လုပ်ငန်းများကို အစားထိုး ချုပ်ကိုင်ထားကြခြင်းဖြစ်သည်။ 

မည်သို့ဆိုစေ စစ်ကောင်စီလက်အောက်တွင် အချိန်ကြာလာသည်နှင့် အမျှ ငွေတန်ဖိုးကျလာသလို ကုန်ဈေးနှုန်းကလည်း ဝင်ငွေနှင့် နှိုင်းစာလျှင် မြင့်တက်လာနေသည်။  

ကုန်ဈေးနှုန်းတက်ရသည့် အကြောင်းအရင်း သုံးချက်ရှိကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။ ပထမတစ်ချက်မှာ ကုန်ပစ္စည်းရှိနေသည့် အရေအတွက်ထက် ဝယ်သည့်အရေအတွက်ကများနေခြင်း၊ ဒုတိယတစ်ချက်မှာ ကုန်ပစ္စည်းစိုက်ပျိုး ထုတ်လုပ်သည့် စရိတ် မြင့်များလာခြင်းတို့ဖြစ်ပြီး ထိုနှစ်ချက်မှာ သမာရိုးကျဖြစ်တက်သည့် အခြေအနေဖြစ်သည်။ နောက်ဆုံး တတိယအချက်သည် တိုင်းပြည်ကိုတာဝန်ယူအုပ်ချုပ်နေသူများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ လုပ်ကိုင်ဆောင်ရွက်မှု အဆင်မပြေခြင်းနှင့် အမိန့်အာဏာသုံးကာ လုပ်ဆောင်ခြင်းများကြောင့် ဖြစ်သည်ဟု ဆိုသည်။

“ စီးပွားရေးက နိုင်ငံရေးရဲ့ အစိတ်အပိုင်းဖြစ်တယ်၊ နိုင်ငံရေးအရ ဖြေရှင်းမှုမပါဘဲ စီးပွားရေးကိုပဲ ဖြေရှင်းမယ်ဆိုရင် ဘယ်လိုမှ မအောင်မြင်နိုင်ဘူး၊ ကုန်ဈေးနှုန်းတက်တာအပြင် အထွေထွေအကြပ်အတည်းကို တကယ်ကို တိုင်းပြည်ပေါ်မှာ စေတနာထားပြီးဖြေရှင်းချင်ရင် နိုင်ငံရေးအရ အဖြေရှာဖို့လိုတယ်။” ဟု စီးပွားရေးပညာရှင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အထက်ပါပညာရှင်ပြောခဲ့သည့်အတိုင်း ကုန်စေ◌ျးနှုန်း တက်ရသည့် အကြောင်းအရင်း သုံးခုစလုံး တပြိုင်နက်တည်းဖြစ်ပေါ်နေပြီး တစ်တိုင်းပြည်လုံး ဒုက္ခရောက်နိုင်သည့် အခြေအနေဖြင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly