မိုးဗြဲတိုက်ပွဲတွင် ပိတ်မိနေသည့် သားအဖ ၂ဦး လက်နက်ကြီးကျည်ထိမှန်၍ သားဖြစ်သူသေဆုံး၊ ဖခင်ဖြစ်သူ ဒဏ်ရာရ

မိုးဗြဲတိုက်ပွဲတွင် ပိတ်မိနေသည့် သားအဖ ၂ဦး လက်နက်ကြီးကျည်ထိမှန်၍ သားဖြစ်သူသေဆုံး၊ ဖခင်ဖြစ်သူ ဒဏ်ရာရ

September 10

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်၊ မိုးဗြဲမြို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က နန်မယ်ခုံမှ ဝါရီဆူးပလိုင်ဘက်သို့ ထိုးစစ်ဆင်လာ၍ ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် စက်တင်ဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ပြင်းထန်တိုက်ပွဲ ဖြစ်ပွါးနေသည်ဟု သိရသည်။

စက်တင်ဘာလလ ၈ ရက်နေ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေစဥ် မိုးဗြဲမြို့ ပွဲကုန်း (၃)ရပ်ကွက်မှ ရှစ်နှစ်အရွယ် ကလေးတစ်ဦးနှင့် ၎င်း၏ ဖခင်ဖြစ်သူက ပိတ်မိနေချိန် စစ်ကောင်စီတပ်မှ ပစ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် နေအိမ်ထိမှန်ပြီး သားဖြစ်သူ ပွဲချင်းပြီးသေဆုံးသွားကာ ဖခင်ဖြစ်သူ ဒဏ်ရာရသည်ဟု ကူညီပေးနေသည့် ဒေသခံတစ်ဦးက ပြောသည်။

"မိုးဗြဲ ပွဲကုန်း (၃) ရပ်ကွက်က ကလေးပါ။ သားအဖ နှစ်ယောက်လုံးထိတယ်။ တိုက်ပွဲထဲမှာပိတ်မိနေတာ။ အဖေက ကိုယ်လွတ်ပြေးထွက်လာနိုင်ပေမယ့် ကလေးအလောင်းကျ‌တော့ (ယမန်နေ့) ညနေ ၂နာရီခွဲလောက်မှ ဝင်သယ်နိုင်တော့တယ်။ အိမ်ထဲမှာနေရင်း လက်နက်ကြီးထိမှန်သွားတာပါအဖေဖြစ်သူက ဒဏ်ရာ သိပ်မပြင်းဘူး"ဟုကူညီပေးနေသည့် မိုးဗြဲဒေသခံတစ်ဦက ပြောသည်။

အလားတူ ယမန်နေ့ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်တွင် မိုးဗြဲ ဘုရားကျောင်းထဲတွင် တပ်ဆွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့တို့အကြား တစ်နေကုန်နီးပါး တိုက်ပွဲပြင်ထန်နေသည်ဟုလည်း ဒေသခံထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားသည့်အတွက် ယမန်နေ့ စစ်တင်ဘာလ ၉ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် တိုက်လေယာဥ် နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လွိုင်ကော် အမြောက်တပ်မှတစ်ဆင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ် ကြောင်း ဒေသခံကပြောသည်။

တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက်ကြောင့် မိဘပြည်များအနေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် KNDF ဗဟို မှ အသိပေးထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ရှမ်းပြည်နယ်

#မိုးဗြဲမြို့

#ကရင်နီပူးပေါင်းတပ်ဖွဲ့

#စစ်ကောင်စီတပ်ဖွဲ့

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly