စစ်ကောင်စီသတင်းပေး ဟုဆိုသူအား ထိမ်းသိမ်းထားစဉ် သေဆုံးမှုနှင့် ပတ်သက်၍ CDF ရှင်းလင်းထုတ်ပြန်

စစ်ကောင်စီသတင်းပေး ဟုဆိုသူအား ထိမ်းသိမ်းထားစဉ် သေဆုံးမှုနှင့် ပတ်သက်၍ CDF ရှင်းလင်းထုတ်ပြန်

September 9

မဇ္စျိမ ။ ။ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဝါဒိန်အုပ်စု ၊ ဝါဒိန် ကျေးရွာနေထိုင်သူတစ်ဦးသည် ချင်းကာကွယ်ရေးတပ်ဖွဲ့၏ လှုပ်ရှားမှုများအား စစ်ကောင်စီထံ သတင်းပို့လေ့ရှိသောကြောင့် ထိန်းသိမ်းထားစဉ် သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး အသိပေးရှင်းလင်းချက်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (ပလက်ဝ) CDF – Petletwa က စက်တင်ဘာလ ၈ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။

ဦးအာခိုင် (အသက်၆၅) သည် CDF – Petletwa ၏ လှုပ်ရှားမှုများကို စစ်ကောင်စီထံ သတင်းပေးပို့နေသည်ကို မကြာခဏ သိရှိရပြီး ဒလန်အဖြစ်သတ်မှတ်၍ ၂၀၂၁ ခုနှစ် ဇွန်လတွင် ပထမအကြိမ် ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ဒုတိယအကြိမ် စသဖြင့် အကြိမ်ကြိမ် သတိပေးထားသည့် ကြားမှ ဇူလိုင်လ ၃ရက်နေ့တွင် သတင်းပေးမှုများ ဆက်လက်တွေ့ရှိရသဖြင့် ဇူလိုင်လ ၁၃ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဆိုသည်။

“ကျနော်တို့ ပြည်သူ့တော်လှန်ရေးကိုဆင်နွှဲနေချိန်မှာ ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကိုမှ အသက်ဆုံးရှုံးစေလိုတဲ့ ဆန္ဒမရှိပါဘူး၊ ဒလန်လို့သတ်မှတ်တာမှာလည်း အဆင့်ဆင့် စုံစမ်းစစ်ဆေးပြီးသတ်မှတ်တာဖြစ်ပါတယ်၊ ပြစ်ဒဏ်စီရင်တဲ့နေရာမှာလည်း သူ့ရဲ့ပြစ်ဒဏ်ပေါ်မှာမူတည်ပြီး ထိန်းထိန်းသိမ်းသိမ်းလုပ်ရမဲ့ အလုပ်မျိုးဖြစ်တဲ့အတွက် အခုဖြစ်စဉ်မှာလည်း စတင်ထိန်းသိမ်းစဉ်ကတည်းက အကြမ်းဖက်တာမျိုး လုပ်ခဲ့တာမရှိပါဘူး” ဟု CDF – Petletwa ပြောရေးဆိုခွင့်ရှိသူ ပေါလ် က မဇ္စျိမ ကိုပြောသည်။

ဦးအာခိုင်သည် CDF – Petletwa ထိန်းချုပ်နယ်မြေအတွင်း၌ အစည်းအဝေးလုပ်သည့်အချိန်များတွင် ၎င်းတို့ရွာမှ တက်ရောက်သူများ စာရင်းကောက်ယူခြင်း ၊ ကာကွယ်ရေးတပ်ဖွဲ့မှ လူထုဟောပြောပွဲများလုပ်ချိန်များတွင် သတင်းအချက်အလက်များကို စစ်ကောင်စီတွင် ပြန်လည်သတင်းပို့သည့် အကြောင်းများ ခိုင်လုံစွာ စုံစမ်းစစ်ဆေးမှုများအရ သိရှိထားရကြောင်းဆိုသည်။

ထိန်းသိမ်းထားစဉ်အတွင်း အကျယ်ချုပ် ၊ အကျဉ်းချုပ်များ ၊ ချည်နှောင်ထားခြင်းမျိုး မပြုလုပ်ဘဲ ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များနေထိုင်သကဲ့သို့ လွတ်လပ်စွာ စခန်းအတွင်း နေထိုင်ခွင့်ပြုထားကြောင်း သိရသည်။

ယင်းအချိန်တွင် စစ်ကောင်စီတပ်မှ ၎င်းတို့ စခန်းတည်ရှိရာသို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးလာချိန်တွင် ၎င်းမှအခွင့်ကောင်းယူ ထွက်ပြေးခဲ့သဖြင့် နယ်မြေအခြေအနေနှင့် စခန်းတွင်း အခြေအနေများကို သိရှိထားသော သူ့အား မဖြစ်မနေလိုက်လံဖမ်းဆီးပြီး ချက်ခြင်း ပြန်လည်ခေါ်ဆောင်လာခဲ့ရကြောင်း ပေါလ်က ဆက်လက်ပြောဆိုသည်။

၎င်းအား ကျန်းမာရေးစောင့်ရှောက်မှုအပြည့်ဖြင့် ထိန်းသိမ်းထားသော်လည်း ဇွန်လိုင်လ ၁၆ရက်ည သန်းခေါင်ယံတွင် ထွက်ပြေးခဲ့ကာ နောက်တစ်နေ့ ဇူလိုင်လ ၁၇ရက်နေ့တွင် ပြန်လည်ထိန်းသိမ်းထားခဲ့ပြီး ၁၉ရက်နေ့ နံနက် ၅နာရီ ၃၀မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်လာပြီး စခန်းရောက်ချိန်တွင် ရောဂါအခံရှိပြီး မောနေသဖြင့် ဆေးတပ်ဖွဲ့ မှ ဆေးဝါးများဖြင့် ကုသပေးသော်လည်း အသက်ဆုံးသွားခဲ့ရကြောင်း သိရသည်။

ယင်းသို့ သေဆုံးသွားမှုအတွက် မိသားစုဝင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အသေးစိတ်အခြေအနေများကို ရှင်းလင်းတင်ပြကာ ထုံးတမ်းအစဉ်လာများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

CDF – Petletwa အနေဖြင့် စစ်ကောင်စီသတင်းပေးများအား အဆင့်ဆင့် သတ်မှတ်ပြီး သတိပေးခြင်းများပြုလုပ်ကာ နောက်ဆုံးဖမ်းဆီးထိမ်းသိမ်းပြီး ဗဟိုကာကွယ်ရေးကော်မတီမှ စစ်ဆေးပြီး ကျူးလွန်ခဲ့သော ပြစ်မှုအလျောက် ပြစ်ဒဏ်များ ပေးလေ့ရှိကြောင်း သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ချင်းကာကွယ်ရေးအဖွဲ့

#စစ်ကောင်စီသတင်းပေး

#ပလက်ဝမြို့နယ်

#ချင်းပြည်နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly