ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး မိသားစုရောင်းဝယ်ရေးဆိုင်အနီး နယ်ထိန်းရဲတပ်ကြပ် သေနတ်ဖြင့် ပစ်သတ်ခံရ

ချမ်းမြသာစည်မြို့နယ် ကန်တော်ကြီး မိသားစုရောင်းဝယ်ရေးဆိုင်အနီး နယ်ထိန်းရဲတပ်ကြပ် သေနတ်ဖြင့် ပစ်သတ်ခံရ

September 9

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အကွက် (၄၄၆)၊ သန်လျက်မော်တောင်ရပ်ကွက်၊ မန်းကျည်းတန်းလမ်း၊ ကန်တော်ကြီး မိသားစုရောင်းဝယ်ရေးဆိုင်အနီးတွင် စက်တင်ဘာ ၈ရက်၊ ည ၇နာရီ ၂၀မိနစ်ခန့်က စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းရဲတပ်ကြပ် အောင်ညွန့် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

တာဝန်ထမ်းဆောင်နေချိန် ကန်တော်ကြီးမိသားစုရောင်းဝယ်ရေး ဆိုင်အနီး ဆိုင်ကယ်ရပ်နေစဥ် ဆိုင်ကယ်တစ်စီး လူသုံးဦးမှ သေနတ်ဖြင့် ပစ်သတ်ခြင်းဖြစ်ပြီး ၎င်းတပ်ကြပ်ကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်၊စကားပြောစက်နှင့် SCOPPY(စကိုဖီး)ဆိုင်ကယ်တို့ကိုပါ ပစ်ခတ်သူများက ယူဆောင်သွားခဲ့ကြောင်း သိရသည်။

"နယ်ထိန်းက အဖွဲ့နဲ့လာတယ် ၊ သူက ရပ်နေခဲ့တော့ သူ့အဖွဲ့က မစောင့်ဘူး ဆက်သွားတယ်၊ မကြာဘူး ဆိုင်ကယ်တစ်စီး လူသုံးယောက်က ဆင်းပစ်ပစ်တာပဲ၊ ရဲပစ္စည်းအကုန်ပါသွားတယ်။"ဟု ဒေသခံတစ်ဦးမှ မဇ္ဈိမကို ပြောသည်။

သေဆုံးသူ ရဲတပ်ကြပ်နှင့် နီးစပ်သူတစ်ဦးကလည်း"ကျွန်တော်က သူ့ကို ရခိုင်လေးလို့ခေါ်တယ်၊ စျေးဝယ်ဖို့ ကျန်ခဲ့တာလို့ ပြောတယ်၊ နောက်​စေ့နဲ့ဗိုက် မှန်တယ်၊ နေရာမှာပဲ သေတယ်၊ အသေးစိတ်တော့ မပြောတော့ဘူး၊လုံခြုံရေးက ရှိသေးတယ်။"ဟု ပြောသည်။

ထိုသို့ ပစ်သတ်ခံရပြီး မန္တလေးမြို့ နေရာအတော်များများတွင် စစ်ဆေးမှုများပြုလုပ်နေကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာတွင်လည်း အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ဝင်များက စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မန္တလေးမြို့

#ချမ်းမြသာစည်မြို့နယ်

#ရဲတပ်ဖွဲ့

#နယ်ထိန်းရဲတပ်ကြပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly