September 9
မဇ္ဈိမ။ ။ရှမ်းနှင့် ကရင်နီ ပြည်နယ်အစပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီးတွင် စစ်ကောင်စီတပ်သားများနှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ဦးရေ ၂၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မိုးဗြဲ PDF နှင့် နီးစပ်သူထံက သိရသည်။
စစ်ကောင်စီတပ် အင်အား ၄၀၀ ခန့်သည် ဝါရီဆူးဖလိုင်ရွာမှ မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မိုးဗြဲမြို့ပေါ်ရှိ ဘုရားကျောင်းအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၈ ရက် နံနက် ၉နာရီမှ စတင်ကာ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
" မွန်းလွဲ ၂ နာရီအရှေ့ပိုင်းအထိကို တိုက်ပွဲက တော်တော်ပြင်းထန်တယ်။ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာရှိတယ်။ အကြမ်းဖက်စစ်ကောင်စီ ဘက်က တော့ ၂၀ ထက်မနည်း သေဆုံးတယ်လို့ ပြောလို့ရတယ်ဗျ" ဟု မိုးဗြဲ PDF နှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ငါးကြင်းမြီး တစ်လက်၊ စက်ကလေး သုံး လက်၊ RPG တစ် လက် အပါအဝင် စုစုပေါင်း လက်နက် ၁၀ လက်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း Karenni's Voice တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုကို မိုးဗြဲ PDF၊ KA၊ KNDF၊ KRU နှင့် URF တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း အနီးကပ်ပစ်ခတ်မှုများတွင် ရဲဘော်အချို့ မစိုးရိမ်ရသည့်သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှု ပေးထားကြောင်းသိရ သည်။
ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သဖြင့် အရပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ဒေသခံနေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင်လည်း မိုးဗြဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဆက်လက် ပြင်းထန်လျက်ရှိသည်။
ဓာတ်ပုံ - Karenni's Voice
စာတည်း။ ။မောင်ကောင်း
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး