ထားဝယ်မြို့နယ် ဘဝပင်ကျေးရွာမှ ဒေသခံ ၁၀၀ ခန့်အား လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီး

ထားဝယ်မြို့နယ် ဘဝပင်ကျေးရွာမှ ဒေသခံ ၁၀၀ ခန့်အား လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ် ဖမ်းဆီး

September 8

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအုပ်စု ဘဝပင်ကျေးရွာရှိ ကျောက်သေတ္တာ ဘုရားတောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒေသခံ ၁၀၀ နီးပါးကိုဖမ်းဆီး၍ လူသား ဒိုင်းအဖြစ်ပြုလုပ်ထားကြောင်း PDF ရဲဘော်များထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က ဘဝပင်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ဒေသခံ ရွာသူ/သား ၁၀၀ နီးပါးကိုဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ်ပြုလုပ်၍ ကျောက်သေတ္တာ ဘုရားတောင်ပေါ်တွင် တပ်စွဲ ထားခြင်းဖြစ်သည်။

"ရွာထဲမှာ ရှိသမျှလူတွေကို လိုက်လံဖမ်းဆီးတာပါ။ ပြည်သူပိုင် တန်ဖိုးကြီး ပစ္စည်းတွေကိုလည်း ခိုးတယ်။ သူတို့အတွက် မလိုအပ်ဘူးထင်တဲ့ အရာတွေကို ဖျက်ဆီးခဲ့တယ်"ဟု ဘဝပင်ကျေးရွာနေ ရွာခံတစ်ဦးက ပြောသည်။

လူသားဒိုင်းကာအဖြစ် ဒေသခံများကိုဖမ်းဆီး၍တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များသည် စက်တင်ဘာ ၆ ရက်နေ့တွင် ထိတွေ့တိုက်ပွဲ သုံးကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"တစ်နေ့လုံး ပစ်ခတ်မှု သုံးကြိမ်လောက် ဖြစ်ပွားခဲ့တာပါ။ စခ(စစ်ကောင်စီတပ်သား) တွေဘက်က ထိခိုက် သေဆုံးမှုများနိုင်ပါတယ်။ အတည်ပြုနိုင်ဖို့ အတွက်တော့ စုံစမ်းနေဆဲဖြစ်ပါတယ်" ဟု ဒေသအခြေစိုက် PDF အဖွဲ့က ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ကို ကော်သူးလေတပ်မတော်၊ ဘီလုံးပြောက်ကျားတပ်ဖွဲ့နှင့် မဟာမိတ်တပ် များ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘီလုံးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ဘဝပင်ရွာရှိ တောင်ပေါ်တွင် ယနေ့အထိတပ်စွဲထားကာ နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။ လက်ရှိအချိန်ထိ ကျေးရွာနေ ပြည်သူ ၁၀၀ ဝန်းကျင်ခန့်ကို ဆက်လက် ဖမ်းဆီးထား ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။စောဖေ

#ထားဝယ်မြို့

#ဘဝပင်ရွာ

#ဒေသခံ၁၀၀

#စစ်ကောင်စီတပ်

#လူသားဒိုင်းကာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly