မြန်မာအာဏာသိမ်းစစ်ကောင်စီကို တရားစွဲဆိုနိုင်ရေး အင်ဒိုနီးရှား လူ့အခွင့်အရေးအဖွဲ့ ကြိုးပမ်း

မြန်မာအာဏာသိမ်းစစ်ကောင်စီကို တရားစွဲဆိုနိုင်ရေး အင်ဒိုနီးရှား လူ့အခွင့်အရေးအဖွဲ့ ကြိုးပမ်း

September 8

လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ထားသည့် မြန်မာအာဏာသိမ်းစစ်အုပ်စုကို ဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ရေးအတွက် အင်ဒိုနီးရှားရှေ့နေချုပ်ဟောင်းတစ်ဦး ပါဝင်သည့် အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့တစ်ခုက ကြိုးပမ်းလျက် ရှိသည်။ မြန်မာစစ်အုပ်စုကို တရားစွဲဆိုသွားနိုင်ရေးအလို့ငှာ အင်ဒိုနီးရှားနိုင်ငံ၏ လူ့အခွင့်အရေး ဥပဒေကို ပြင်ဆင်ရန် အဆိုပါ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများက နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးထံ တင်ပြပန်ကြားထားသည်။

အကယ်၍ အဆိုပါ ကြိုးပမ်းမှု အောင်မြင်ပါက အရှေ့တောင်အာရှရှိ တရားရုံးတစ်ရုံးက မြန်မာအာဏာသိမ်းအုပ်စုကို ၎င်းတို့၏ များပြားလှသော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ပထမဆုံးအကြိမ် တရားစွဲဆိုသွားနိုင်မည် ဖြစ်သည်။

၂၀၀၀ ပြည့်နှစ်က ထုတ်ပြန်ခဲ့သည့် အင်ဒိုနီးရှား၏ လူ့အခွင့်အရေး တရားရုံး ဥပဒေအရ လူ့အခွင့်အရေး ပြစ်မှုများကို အင်ဒိုနီးရှားနိုင်ငံသားများ ကျူးလွန်မှသာလျှင် လူ့အခွင့်အရေးချိုးဖောက်သူများကို တရားရုံးတွင် တရားစွဲဆိုမှု ပေါ်ပေါက်နိုင်မည် ဖြစ်သည်။

ထိုဥပဒေသည် “နယ်မြေကျော်လွန်မှု” ဒီဂရီတစ်ရပ်ကို ခွင့်ပြုပေးပြီး ယင်းသည် အကယ်၍ ပြစ်မှုက အင်ဒိုနီးရှား နယ်မြေပိုင်နက်ကို ကျော်လွန် ဖြစ်ပွားပြီး တရားခံဖြစ်သူက အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး ဖြစ်ပါက တရားရုံးတစ်ခုကို ထူထောင်နိုင်သည် ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။

လူ့အခွင့်အရေး၏ ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့မှုဟု ခေါ်သည့် အဖွဲ့အစည်းတစ်ခုအောက်တွင် လှုပ်ရှားနေသည့် အဆိုပါ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများက အထက်ပါ ဥပဒေသည် အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု ပြောသည်။

“အင်ဒိုနီးရှား ဖွဲ့စည်းပုံအခြေခံဥပဒေမှာက ကမ္ဘာတစ်လွှား လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ကို အာမခံထားတာပါ။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အခန်းတွေမှာ ‘လူတိုင်း’ ဆိုတဲ့ စကားရပ် အသုံးပြုပြီး ဒါကို ပြသနိုင်ပါတယ်။ ၁၉၄၅ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တာ ဖြစ်တယ်” ဟု လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“တကယ်လို့ ‘အင်ဒိုနီးရှားနိုင်ငံသားတွေက” ဆိုတဲ့ စကားရပ်ကို ဖွဲ့စည်းပုံခုံရုံးက ဖယ်ရှားမယ်ဆိုရင် အင်ဒိုနီးရှားအနေနဲ့ ကမ္ဘာတစ်ဝန်းလုံးမှာ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာမှာ ၁၉၄၅ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကတိကဝတ်တွေနဲ့ စံနှုန်းတွေအတိုင်း ဖြစ်မြောက်လာနိုင်မှာဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အင်ဒိုနီးရှားလူ့အခွင့်အရေးအဖွဲ့တွင် ၁၉၉၉ မှ ၂၀၀၁ အထိ အင်ဒိုနီးရှားရှေ့နေချုပ်အဖြစ် ထမ်းဆောင်ခဲ့သည့် ရှေ့နေ မာဇူကီ ဒါရုစ်မန်း ကဲ့သို့ လူသိများထင်ရှားသည့် တက်ကြွလှုပ်ရှားသူများက ပါဝင်သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required