နိုင်ငံတကာ ငွေကြေးဆိုင်ရာ စောင့်ကြည့်အရေးယူမှုအဖွဲ့က မြန်မာကို နာမည်ပျက်စာရင်းတွင် ထည့်သွင်းဖွယ် ရှိနေ

နိုင်ငံတကာ ငွေကြေးဆိုင်ရာ စောင့်ကြည့်အရေးယူမှုအဖွဲ့က မြန်မာကို နာမည်ပျက်စာရင်းတွင် ထည့်သွင်းဖွယ် ရှိနေ

September 7

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်တားဆီးရန် ပျက်ကွက်ခြင်းအတွက် မြန်မာနိုင်ငံကို နိုင်ငံတကာ ငွေကြေးဆိုင်ရာ စောင့်ကြည့်အရေးယူမှုအဖွဲ့တစ်ခုက အမည်ပျက်စာရင်းတွင် ထည့်သွင်းဖွယ် ရှိနေကြောင်း သိရသည်။ ယင်းက မြန်မာအာဏာသိမ်းစစ်အုပ်စု၏ စီးပွားရေးဆိုင်ရာ လုပ်နိုင်စွမ်းများအပေါ် အဓိကထိုးနှက်မှုတစ်ခု ဖြစ်မည် ဖြစ်သည်။

နိုင်ငံတကာ အစိုးရများက ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Financial Action Task Force (FATF) ၏ အဖွဲ့ဝင်များသည် လာမည့်လ ပါရီမြို့၌ ပြုလုပ်မည့် ဆွေးနွေးမှုများအတွင်း အဆိုပါ ဆုံးဖြတ်ချက်ကို အတည်ပြုသွားဖွယ် ရှိကြောင်း အနောက်အုပ်စုနှင့် အာရှဒေသတို့မှ အစိုးရအရာရှိ လေးဦးတို့က ပြောသည်။

ငွေကြေးခဝါချမှု၊ အကြမ်းဖက်အဖွဲ့များကို ငွေကြေးထောက်ပံ့ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး စနစ်၏ တည်တံ့ခိုင်မြဲမှုအပေါ် အလားတူ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန် ဂျီ ၇ အုပ်စုက ပါရီအခြေစိုက် FATF အဖွဲ့ကို ၁၉၈၉ ခုနှစ်က ထူထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါအဖွဲ့အစည်း၏ နာမည်ပျက်စာရင်းသွင်းခြင်းကို ခံထားရသည့် နိုင်ငံနှစ်နိုင်ငံသာ ရှိနေပြီး ယင်းတို့က မြောက်ကိုရီးယားနှင့် အီရန်တို့ ဖြစ်သည်။

ထိုကဲ့သို့ နာမည်ပျက်စာရင်း သွင်းခံရပါက မြန်မာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ဖိတ်ခေါ်ရန် သို့မဟုတ် ထိန်းသိမ်းထားရန် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ၏ အကန့်အသတ်ရှိ လုပ်နိုင်စွမ်းအပေါ် ထပ်မံ ထိခိုက်စေလိမ့်မည် ဖြစ်သည်။

“ဒီလုပ်ငန်းစဉ်ကို ကြီးကြပ်တဲ့ FATF ရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လေ့လာသုံးသပ်မှုအဖွဲ့က အောက်တိုဘာလ အစည်းအဝေးမှာ အမည်ပျက်စာရင်းသွင်းတာနဲ့ပတ်သက်လို့ ထောက်ခံအတည်ပြုချက်ပေးဖွယ် ရှိနေပါတယ်။ တိုးတက်မှုအခြေအနေက ကျေနပ်အားရစရာ မရှိတာကြောင့်ပါ” ဟု FATF နှင့် အချိတ်အဆက်ရှိသည့် အာရှသံတမန်တစ်ဦးက ပြောသည်။ “အာဏာသိမ်းစစ်အုပ်စုဘက်က ပြသထားတဲ့ တိုးတက်မှု ကင်းမဲ့တဲ့ အခြေအနေအရ FATF ရဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ မြန်မာကို အမည်ပျက်စာရင်းထဲ မပြောင်းသင့်ဘူးဆိုပြီး ရှင်းချက်ထုတ်ဖို့က ခက်ခဲပါလိမ့်မယ်”

“တကယ်လို့ FATF အဖွဲ့ဝင်တွေက မြန်မာကို နာမည်ပျက်စာရင်းမှာ ထည့်သွင်းဖို့ အများသဘောဆန္ဒ ရယူမယ်ဆိုရင်တော့ လက်ရှိ FATF ဥက္ကဋ္ဌ ဖြစ်တဲ့ စင်္ကာပူအနေနဲ့ အဲဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်တားဆီးလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘာလို့လဲဆိုတော့ မကြာသေးခင်က မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က အာဆီယံအပေါ် ထားရှိတဲ့ သဘောထားအပြုအမူကြောင့် ဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

FATF ၏ ဆုံးဖြတ်ချက်များက အများသဘောဆန္ဒအပေါ် အခြေတည်သလို ထိုအများသဘောဆန္ဒတစ်ရပ်ကို ပိတ်ဆို့တားဆီးရန် အနည်းဆုံး အဖွဲ့ဝင်သုံးဦး လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required