တော်လှန်ရေးအောင်မြင်ရန် ရေခံမြေခံ အားလုံး တည်ဆောက်ထားပြီးဖြစ်၍ လာမည့် ၂၀၂၃ ခုနှစ်သည် အထူးအရေးကြီးသည့် နှစ်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြော

တော်လှန်ရေးအောင်မြင်ရန် ရေခံမြေခံ အားလုံး တည်ဆောက်ထားပြီးဖြစ်၍ လာမည့် ၂၀၂၃ ခုနှစ်သည် အထူးအရေးကြီးသည့် နှစ်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ပြော

September 7

စစ်အာဏာရှင်ဖြုတ်ချရေး မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ရန် ရေခံမြေခံ အားလုံးကို တည်ဆောက်ထားပြီးဖြစ်၍ လာမည့် ၂၀၂၃ ခုနှစ်သည် အထူးအရေးကြီးသည့်နှစ်ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော ပြည်သူ့ခုခံတွန်းလှန်စစ် ကြေညာမှု (D- Day) တစ်နှစ်ပြည့်၊ နှစ်ပတ်လည်နေ့တွင် ဦးရည်မွန်က ထည့်သွင်းပြောကြားထားခြင်း ဖြစ်သည်။

“ရှေ့လာမယ့်နှစ်ကတော့ တော်လှန်ရေးအတွက် အထူးအရေးကြီးလိမ့်မယ်။ ရန်သူကို အချိန်ပေးလို့ မရတော့ဘူးဆိုတာ သေချာတယ်” ဟု ဦးရည်မွန်က ပြောသည်။

ယင်းအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး လာမည့် ၂၀၂၃ ခုနှစ်အတွင်း နွေဦးတော်လှန်ရေး အဆုံးအဖြတ်ကို ရယူရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်းလည်း ဦးရည်မွန်က ပြောသည်။

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်အတွင်းမှာ တိုက်ပွဲဝင်ခဲ့ကြသော တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ကြံ့ကြံ့ခံပြီး တော်လှန်ရေးကို ပါဝင်နေကြသော ပြည်သူလူထုများ အားလုံးကို လေးစားဂုဏ်ပြုကြောင်းလည်း ဝန်ကြီးက ဆိုသည်။

“PDF ဟာ ရန်သူဘယ်လိုမှ ချေမှုန်းဖို့ မဖြစ်နိုင်တော့တဲ့ တပ်မတော်သစ်တစ်ခုအဖြစ် ပေါ်ထွက်ခဲ့ပြီဖြစ်တယ်။ ငါတို့ ရဲတော်တွေဟာလည်း ဒီတစ်နှစ်အတွင်း တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေးအတွေအကြုံတွေ ရရှိခဲ့ပြီးဖြစ်တယ်။ အစဉ်အလာကြီးတဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ဒီတော်လှန်ရေးမှာ ထဲထဲဝင် ရှေ့ဆောင်ပါဝင်နေကြပြီဖြစ်လို့ ရန်သူကို ချေမှုန်းနိုင်မယ့် ပြည်သူ့တော်လှန်ရေး တပ်ပေါင်းစုကြီး ပေါ်ပေါက်လာပြီလို့လည်း ဆိုရမယ်” ဟု ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့သည်။

ယင်းအပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားလုံးကို လက်နက်တပ်ဆင်ပေးရန် ကြီးမားသော စိန်ခေါ်မှု တစ်ခုဖြစ်သော်လည်း လုံလောက်သော ဘဏ္ဍာငွေများ ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြောင်းလည်း NUG ကာကွယ်ရေးဌာနက ပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ အဓိက လမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်ကို NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင်များက ထိန်းချုပ်ထားနိုင်ပြီဟု ခုခံကာကွယ်တော်လှန်စစ်ပွဲ ကိုးလအကြာတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုအလွန် ပြင်းထန်လာသော တိုက်ပွဲများကြောင့် လူဦးရေပေါင်း ၁၅၀,၀၀၀ ကျော်ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ယင်းအနက် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စစ်ဘေးဒုက္ခသည် အများဆုံး ရှိနေသည်ဟု ISP- Myanmar က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#NUG

#DDay

#ကာကွယ်ရေးဝန်ကြီး

#နွေဦးတော်လှန်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly