ရွှေကူမြို့နယ် သာယာကုန်းရွာတွင် စစ်ကောင်စီတပ်က နေအိမ်များမီးရှို့၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

ရွှေကူမြို့နယ် သာယာကုန်းရွာတွင် စစ်ကောင်စီတပ်က နေအိမ်များမီးရှို့၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

September 7

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ သာယာကုန်းကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ စက်တင်ဘာလ ၆ရက် နံနက်ပိုင်းတွင် ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်နှင့် ကချင် ပြည်နယ် ရွှေကူမြို့နယ်ကြားရှိ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိသည့် သာယာကုန်းကျေးရွာကို မီးရှို့ခဲ့သည့် စစ်တပ်မှာ စစ်အင်အား ၈၀ ကျော်ပါရှိသော တပ်မ(၈၈) လက်အောက်ခံ အမှတ်(၇၇) ခြေမြန်တပ်ရင်း စစ်ကြောင်း ဖြစ်သည်ဟုဒေသခံတစ်ဦးက ပြောသည်။

''ဒီရွာမှာ PDF တွေရှိတယ်။ PDF အိမ်တွေရှိတယ်ဆိုပြီး လာရှို့တာတဲ့'' ဟု ဒေသခံက ဆိုသည်။

သာယာကုန်းကျေးရွာနှင့် မင်းကျောင်းကုန်း ကျေးရွာကြားတွင် ထိုစစ်ကြောင်းက စစ်ကောင်စီလက်နက်ရိက္ခာ သယ်ဆောင်လာသည့် သင်္ဘောများအတွက် စက်တင်ဘာလ ၅ ရက်တွင် လုံခြုံရေးယူပေးခဲ့သည်။

ထိုသို့ မြေပြင်လုံခြုံရေးယူပေးနေစဉ် မြို့လှ PDF တပ်ရင်းအောက် တပ်ခွဲ (၁) ဗိုလ်မိုးကြိုး ဦးဆောင်သော တပ်မှူးရွှေအိုးအဖွဲ့၏ တိုက်ခိုက်မှုကိုခံခဲ့ရသည့်အတွက် အထိနာခဲ့ပြီးနောက် ယခုကဲ့သို့ သာယာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး မီးတင်ရှို့နေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါစစ်ကြောင်းက မီးဝင်ရှို့ပြီးနောက် ရွာအနီးရှိ လုပ်တိုင်းချောင်းနားတွင် ထပ်မံပြီး တိုက်ခိုက်ခံရကာ အကျအဆုံးများခဲ့ကြောင်း မြို့လှ PDF သတင်းနှင့်ပြန်ကြားရေး အဖွဲ့တာဝန်ရှိသူထံက သိရသည်။

လက်ရှိအချိန်တွင် သာယာကုန်းကျေးရွာမှ ပြည်သူများက ရွာလုံးကျွတ်ထွက်ပြေးကြရပြီး သာယာကုန်းကျေးရွာ မြစ်ကမ်းတစ်လျှောက်တွင် စစ်ရေးတင်းမာလျက်ရှိနေသေးသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#ကချင်ပြည်နယ်

#ရွှေကူမြို့နယ်

#သာယာကုန်းရွာ

#စစ်ကောင်စီတပ်

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly