စစ်ကောင်စီ၏ ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မှုတွင် စားသုံးဆီ အတွက် ပါဝင်သော်လည်း စားအုန်းဆီ ရည်ညွှန်းဈေး ဆက်လက်မြင့်တက်

စစ်ကောင်စီ၏ ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မှုတွင် စားသုံးဆီ အတွက် ပါဝင်သော်လည်း စားအုန်းဆီ ရည်ညွှန်းဈေး ဆက်လက်မြင့်တက်

မေဘယ်လ်သူ

မဇ္ဈိမ ။ ။ စစ်ကောင်စီ၏ လက်အောက်ခံ ဗဟိုဘဏ်သည် စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းသည့် လုပ်ငန်းရှင်များအား နိုင်ငံခြားငွေဈေးကွက်မှတစ်ဆင့် ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၃၁ရက် ညနေပိုင်းတွင် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ကြေညာထားသော်လည်း စစ်ကောင်စီ၏ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စားအုန်းဆီ တစ်ပိဿာလျှင် ရည်ညွှန်းဈေး ၅,၄၀၀ ကျပ်ဟု သတ်မှတ်ထားသည်။

ထိုသို့ စားအုန်းဆီ တစ်ပိဿာရည်ညွှန်းဈေး ၅,၄၀၀ ကျပ်ဟု သတ်မှတ်ထားသော်လည်း ပြင်ပတွင်မူ စားအုန်းဆီတစ်ပိဿာလျှင် ၉၅၀၀ ကျပ်မှ ငွေကျပ် ၁,၀၀၀၀ ကျော်အထိ ပေးကာ ဝယ်ယူနေရကြောင်းသိရသည်။

" ရန်ကုန်နဲ့တခြားမြို့တွေမှာ ဆီလိုက်လံရောင်းချပေးနေတာတွေရှိတယ်။ ခွဲတမ်းစနစ်နဲ့ ရောင်းတာပေါ့။ အရင်က စာအုန်းဆီ တစ်ပိဿာ ၃,၅၀၀ ၊ ၃,၇၀၀ ကျပ်ကနေ အခုတစ်ပတ်မှာတော့ တစ်ပိဿာ ၅,၄၀၀ ကျပ်နဲ့ ရောင်းချပေးနေတာတွေ့ရတယ်။ ပြောရရင် ရည်ညွှန်းဈေးလည်း တဖြည်းဖြည်းဈေးတက်လာသလို ပြင်ပက ဆီဈေးလည်း တက်နေတယ်" ဟု မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းချုပ် ( UMFCCI) မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းတို့ပူးပေါင်းကာ ရန်ကုန်မြို့ အတွင်းရှိ မြို့နယ်များနှင့် နယ်ဒေသများတွင် ရပ်ကွက်များအထိ စာအုန်းဆီ တပိဿာလျှင် ၅,၄၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

" ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မယ့်အထဲမှာ စက်သုံးဆီနဲ့ စားသုံးဆီလည်းပါတယ်။ ဒါပေမဲ့ဘယ်လိုပုံစံနဲ့ထောက်ပံ့မယ်ဆိုတာကိုတော့ အခုထိမသိရသေးဘူး။ စက်သုံးဆီရော စားသုံးဆီရောကတော့ အခုအချိန်ထိ ဈေးတက်နေတာပါ" ဟု UMFCCIမှ တာဝန်ရှိသူက ဆိုသည်။

စားအုန်းဆီအပြင် ပဲဆီ၊ နေကြာဆီ နှင့် ဟင်းသီးဟင်းရွက်ဆီတို့မှာလည်း ဈေးနှုန်း များဆက်လက်မြင့်တက် နေ၍ အချို့သောဒေသများတွင် စားသုံးဆီ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရပြီး လိုအပ်သည့်အရေအတွက် အတိုင်း ဝယ်ယူ၍မရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်များထံက စုံစမ်းသိရှိရသည်။

ပုံစာ- မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ ၁ပိဿာလျှင် ၅၄၀၀ ကျပ်ဖြင့် ရောင်းချပေးနေစဉ်

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကောင်စီ

#ဗဟိုဘဏ်

#ဒေါ်လာသန်း၂၀၀

#ဆားအုန်းဆီရည်ညွှန်းဈေး

#ဆက်လက်မြင့်တက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly