ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ချက်ကို ဆက်လက်တိုက်ပွဲဝင်မည်ဟု ဧရာဝတီကျောင်းသားဖိုရမ်ထုတ်ပြန်

ကျောင်းသားများ၏ တောင်းဆိုချက် ၁၁ချက်ကို ဆက်လက်တိုက်ပွဲဝင်မည်ဟု ဧရာဝတီကျောင်းသားဖိုရမ်ထုတ်ပြန်

ပုသိမ်၊ ဖေဖော်ဝါရီ ၂၁ ။            ။ ဧရာဝတီတိုင်းကျောင်းသားဖိုရမ်မှ "ကျောင်းသားထုတရပ်လုံး၏ တောင်းဆိုချက် ၁၁ ချက်အား ဆက်လက်ကိုင်စွဲတိုက်ပွဲဝင်သွားမည်" ပါ အချက် ၃ချက်ကို ဖေဖော်ဝါရီ၂၁ရက်နေ့ ဖိုရမ်အပြီးတွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

"လက်ရှိပညာရေးနဲ့ပတ်သက်ပြီး ဧရာဝုတီတိုင်းမှာရှိတဲ့ ကျောင်းသားတွေရယ် ပညာရှင်တွေ စုရုံးတိုင်ပင်တာ၊ နောက် ဧရာဝတီတိုင်းမှာရှိတဲ့ ကျောင်းသားတွေ ကျောင်းသားအဖွဲ့အစည်းတွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းဆောင်ရွက်တာ"ဟု ဧရာဝတီကျောင်းသားဖိုရမ်ပြုလုပ်မှုအား ကျောင်းသားဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင် ကိုထူးထက်နောင်က မဇ္ဈိမသို့ပြောသည်။

နောက်တက်လာမည့် အစိုးရအနေသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသည့် အစိုးရဖြစ်သည့်အတွက် ပြည်သူ၏အသံကို နားထောင်လိမ့်မည်ဟု ယုံကြည်ကြောင်း နှင့် အစိုးရသစ်က ပညာရေးကဏ္ဍတွင် အများကြီးပြောင်းလဲနိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ပြောသည်။

"ဒီမိုကရေစီပညာရေးအတွက် ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူများ ခြွင်းချက်မရှိပြန်လွှတ်ပေးဖို့၊လက်ရှိမလွှတ်သေးတဲ့ကာလမှာ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို အကျဉ်းထောင်အသီးသီးမှာ လူသားဆန်ဆန် ဆက်ဆံဖို့ရယ် အကျဉ်းသားတွေအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်" ဟု ကျောင်းသားဖိုရမ်ဖြစ်မြောက်ရေး ကော်မတီဝင် ကိုထူးထက်နောင်က ပြောသည်။

ဧရာဝတီတိုင်း ကျောင်းသားဖိုရမ်အား ဧရာဝတီတိုင်းအတွင်း ကျောင်းသားအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ ပညာရှင်များ တက်ရောက်ခဲ့ပြီး၊ ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၀ရက် နှင့် ၂၁ရက်တို့တွင် ပုသိမ်မြို့ ကရုဏာစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly