ရန်ကုန်အစိုးရ၏ စီမံကိန်းများမှ လက်မခံသည်ကိစ္စများကို မတ်လတွင်လွှတ်တော်တင်မည်

ရန်ကုန်အစိုးရ၏ စီမံကိန်းများမှ လက်မခံသည်ကိစ္စများကို မတ်လတွင်လွှတ်တော်တင်မည်
ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေး ကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၇ရက်နေ့က ပြုလုပ်စဉ်။ ဓါတ်ပုံ၊ ဒေါ်စန္ဒာမင်း လူမှု့ကွန်ယက်မှ။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ။             ။ ရန်ကုန်တိုင်းအစိုးရကတင်သွင်းထားသည့် ဒေသန္တရစီမံကိန်းများမှ လက်မခံနိုင်သည့်ကိစ္စများနှင့် စီမံကိန်းများ ကို မတ်လတွင်ပြန်လည်ကျင်းပမည့် ရန်ကုန်တိုင်းလွှတ်တော်တွင် အစီရင်ခံစာတင်သွင်းမည်ဟု ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဖေဖော်ဝါရီ ၂၁ရက်တွင် မဇ္ဈိမကိုပြောသည်။

"တိုင်းအစိုးရကတင်တဲ့ ဒေသန္တရစီမံကိန်းတွေထဲက လက်မခံနိုင်တာတွေကို မတ်လထဲမှာအစီရင်ခံစာတင်မယ်။ ဘာတွေကိုငြင်းမယ်၊ ဘာတွေကိုလက်မခံနိုင်ဘူးဆိုတာကို ပြောမယ်။ မတ်လထဲမှာရအောင်တင်မယ်။ အဲဒီ အတွက်အခုလုပ်နေတယ်။" ဟု ၎င်းကဆိုသည်။

ရန်ကုန်အစိုးရက ကုန်းတံတားနှစ်စင်းတည်ဆောက်ရေးအပါအဝင် ဒေသန္တရစီမံကိန်းများပြုလုပ်ရန်ဟုဆိုကာ တိုင်းလွှတ်တော်သို့ ၂၀၁၆ခုနှစ်အစပိုင်းတွင်တင်ပြထားသည်။ ယင်းစီမံကိန်းများတွင် ရန်ကုန်မြို့သစ်ဖော်ထုတ် မည့်စီမံကိန်းမပါဝင်ပေ။

လက်ရှိအစိုးရက အကောင်အထည်ဖော်မည့် စီမံကိန်းများက ပြည်သူနှင့် နိုင်ငံအတွက်အကျိုးမရှိပါက ပယ်ချသွား မည်ဟုလည်း ကော်မတီဥက္ကဋ္ဌတာဝန်မထမ်းဆောင်ခင်ကပင် မဇ္ဈိမသို့ပြောထားသည်။

ရန်ကုန်အစိုးရသို့နှစ်စဉ်ခွင့်ပြုပေးနေသည့် ဘတ်ဂျတ်များအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက အများဆုံးသုံးစွဲနေပြီး၊ ၂၀၁၄-၁၅ခုနှစ်တွင်ပင် ကျပ်ငွေ ၂၅၂ ဘီလီယံသုံးစွဲခဲ့သည်ဟု ဒေါ်စန္ဒာမင်းကဆိုသည်။

ယင်းအပြင် လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ရာတွင်လည်း လိုအပ်သည်ထက် ကျပ်သန်း ၁၀၀ ခန့်ကို ရန်ကုန်မြို့တော်စည်ပင်၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့က အသီးသီးလက်ခံရယူထားကြသည်ဟု ယင်းနှင့်သက်ဆိုင်သည့် စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုးကားကာ ဒေါ်စန္ဒာမင်းက မဇ္ဈိမကိုပြောသည်။

ဒေါ်စန္ဒာမင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီပွားရေးကော်မတီကို တိုင်းလွှတ်တော် ကိုယ်စားလှယ်၊ တပ်မတော်သားကိုယ်စားလှယ်တို့အပါအဝင် စုစုပေါင်း ၁၁ဦးဖြင့် ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ်ရန်ကုန်တိုင်းလွှတ်တော်တွင် ဖွဲ့စည်းခဲ့သည်။

လက်ရှိတွင် လွှတ်တော်အစည်းအဝေးကျင်းပမှုကို ရပ်နားထားပြီး ဒုတိယအကြိမ် မတ်လဆန်းတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly