ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ထပ်မံချမှတ်မှုအပေါ် အီးယူ ရှုတ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ထပ်မံချမှတ်မှုအပေါ် အီးယူ ရှုတ်ချ

September 5

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မသမာမှုအတွက် အပြစ်ရှိသည်ဟု စွပ်စွဲပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်သည့်အပေါ် ဥရောပသမဂ္ဂ (အီးယူ) က စက်တင်ဘာ ၄ ရက်တွင် ဝေဖန်ရှုတ်ချလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ရှိသည်ဟု စွပ်စွဲပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်ကြောင်း တရားရုံးစစ်ဆေးကြားနာမှုများနှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်တစ်ဦးက သောကြာနေ့က ရိုက်တာကို ပြောသည်။ သူမ၏ ရှေ့နေများက အလားတူ သတင်းအချက်အလက်ကို ဘီဘီစီသို့ ပြောခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်တဲ့ မတရား ပြစ်ဒဏ်ချမှတ်မှုကို အီးယူအနေနဲ့ ရှုတ်ချပါတယ်။ သူမဟာ ခုချိန်မှာ စွဲချက် ၁၁ ခုအတွက် ထောင်ဒဏ် အနှစ် ၂၀ ချခံထားရသလို နောက်ထပ်စွဲချက်တချို့လည်း ကျန်နေပါသေးတယ်” ဟု အီးယူ၏ ထိပ်တန်းသံတမန် ဂျိုဆက်ပ် ဘော်ရဲလ်က တွစ်တာတွင် ရေးသည်။

“သူမ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ဖို့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို အီးယူဘက်က တောင်းဆိုတယ်” ဟု ဘော်ရဲလ်က ပြောသည်။

နိုဘယ်လ်ဆုရှင်ဖြစ်သလို မြန်မာတွင် ဆယ်စုနှစ်များစွာကြာ စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်အတိုက်အခံပြုမှု၏ ပြယုဂ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်အစောပိုင်း စစ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဤမတိုင်မီ ထောင်ဒဏ် ၁၇ နှစ်ကျော် ချမှတ်ခြင်း ခံထားခဲ့ရသည်။ သူမအပေါ် စွပ်စွဲချက်အားလုံးကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆန်ပယ်ချထားသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly