ပုသိမ်မြို့​တွင် ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာနေအိမ်၌ အသတ်ခံရ

ပုသိမ်မြို့​တွင် ပိုးကရင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာနေအိမ်၌ အသတ်ခံရ

September 3

မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်၊ တိုးချဲ့စံပြ(၃) လမ်းတွင် ပိုးကရင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတစ်ဦး နေအိမ်၌ အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သေဆုံးသူ အသက်(၅၀)အရွယ် ဦးကျော်စိုးလတ်သည် ၎င်းနေအိမ်က အလုပ်သမားနေထိုင်သည့် အခန်းဝတွင် စက်တင်ဘာလ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က သေဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"ခေါင်းကို သံတူရွင်းနဲ့ လေးချက်လောက်ရိုက်ပြီးမှ ဓားနဲ့ထိုးသွားတာပါ၊ ပြီးတော့မှ လည်ပင်းကို ပလပ်စတစ်ကြိုးနဲ့ပတ်ပြီး သတ်သွားတာ၊ သူ့အိမ်မှာ နားမကြားတဲ့သူ့အမေနဲ့ သူ့အိမ်ကအလုပ်သမားတစ်ယောက်ပဲရှိတဲ့ အချိန်မှာ ဖြစ်သွားတာဆိုတော့ အဲ့ဒီအလုပ်သမားလုပ်တာလို့ ယူဆရတယ်၊အလုပ်သမားကတော့ ထွက်ပြေးသွားတယ်"ဟု ၎င်းကဆိုသည်။

ယင်းအပြင် သေဆုံးသူ ဦးကျော်စိုးလတ်၏ နေအိမ်ရှိ ဆိုင်ကယ်တစ်စီး၊ ငွေကြေးအချို့နှင့် သေဆုံးသူ၏ဖုန်းကိုလည်း လူသတ်တရားခံက ယူဆောင်သွားကြောင်း ဒေသခံက ဆက်လက်ပြောသည်။

အခင်းဖြစ်ပွားပြီး ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့် ရဲများရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရပြီး ဦးကျော်စိုးလတ်၏ ရုပ်အလောင်းကို ပုသိမ်ဆေးရုံသို့ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

လက်ရှိတွင် ဦးကျော်စိုးလတ်အား မသေမချင်းသတ်သွားသည့် လူသတ်တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်ဟုသိရပြီး မည်သည့် ပုဒ်မများနှင့် အမှုဖွင့်ထားသည်ကို အတိအကျမသိရသေးကြောင်း ပုသိမ်မြို့မရဲစခန်းနှင့် နီးစပ်သူများက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း

#ပုသိမ်မြို့

#ပိုးကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်

#လူသတ်မှု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly