ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခြင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ 

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ထပ်မံချမှတ်ခြင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ 
Photo - AFP

စက်တင်ဘာ ၃

မြန်မာနိုင်ငံက ဖြုတ်ချခံရသည့် ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်ခြင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က သောကြာနေ့တွင် ရှုတ်ချပြီး မြန်မာစစ်အာဏာသိမ်းအုပ်စုကို တိုး၍ ဖိအားပေးသွားရန် တိုက်တွန်းခဲ့သည်။ 

“ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်တာကြောင့် ဗမာ စစ်အာဏာသိမ်းအုပ်စုကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်”ဟု မြန်မာ၏ အမည်ဟောင်းကို သုံးလျက် ဘလင့်ကင်က ပြောသည်။ 

“ဗမာမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို အကြမ်းဖက်တာနဲ့ ချေမှုန်းနှိမ်နင်းတာတွေအတွက် အာဏာသိမ်းအုပ်စု တာဝန်ခံလာဖို့ကို ကျွန်တော်တို့ အတူတကွ လုပ်ဆောင်သွားရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

တံခါးပိတ် တရားစစ်ဆေးကြားနာမှုဖြင့် ချမှတ်ခဲ့သော ယခု နောက်ဆုံး ပြစ်ဒဏ်ကြောင့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့် ဒီမိုကရေစီ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စုစုပေါင်း ထောင်ဒဏ် နှစ်နှစ်ဆယ် ရင်ဆိုင်ထားရပြီ ဖြစ်သည်။ 

ယခု ပြစ်ဒဏ်သစ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ၌ မဲသမမာမှုကြောင့်ဟုဆိုကာ ချမှတ်ခြင်း ဖြစ်သည်။ 

စစ်တပ်သည် ဖေဖော်ဝါရီလ အာဏာသိမ်းမှု၌ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချကာ ဖမ်းဆီးခဲ့ပြီး အကျင့်ပျက်ခြစားမှု အပါအဝင် ပြစ်မှုများစွာဖြင့် တရားစွဲထားခြင်း ဖြစ်သည်။ ယင်းသို့ တရားစွဲခြင်းမှာ သက်သက်မဲ့ ကလိမ်စေ့ငြမ်းဆင်ခြင်းအဖြစ် ထောက်ခံသူများက ပြောကြသည်။ 

အာဏာသိမ်းသည်မှစကာ မြန်မာစစ်တပ်ကို အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြသော်လည်း ထိရောက်မှု အနည်းငယ်ပဲ ရှိသည်။ 

ဇူလိုင်လအတွင်းက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ လေးဦးကို စစ်အာဏာသိမ်းအုပ်စုက သေဒဏ်ပေးကွပ်မျက်ခဲ့သည့်နောက် နောက်ထပ် အရေးယူမှုများ လုပ်ဆောင်သွားရန် အမေရိကန်က ကတိကဝတ်ပြုထားသော်လည်း ကန့်ကွက်မှုများ ရှိသည့်ကြားမှ ထိုင်းနိုင်ငံက မြန်မာနိုင်ငံထံမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းနေမှုအပေါ် အဓိက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် လုပ်ဆောင်လာသေးခြင်း မရှိပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required