အလုံမြို့နယ်ရှိ တိုက်တစ်တိုက်အား ဧည့်စာရင်းစစ်ရာမှ လူငယ်အချို့ ပစ်ခတ်ဖမ်းဆီးခံရ

အလုံမြို့နယ်ရှိ တိုက်တစ်တိုက်အား ဧည့်စာရင်းစစ်ရာမှ လူငယ်အချို့ ပစ်ခတ်ဖမ်းဆီးခံရ

September 2

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ဆင်မင်းလမ်းနှင့်ငုဝါလမ်းထောင့်ရှိ တိုက်တစ်တိုက်အား သြဂုတ်လ ၃၁ ရက်နေ့က ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ရာမှ ပစ်ခတ်သံများလည်းထွက်ပေါ်ခဲ့ပြီး အဆိုပါနေ့က လူငယ်အချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ဖြစ်သည့်ညတွင် ၎င်းတိုက်အား စစ်ကောင်စီတပ်နှင့် ရဲများက အင်အားအများအပြားဖြင့် ဝိုင်းထားကာ အချိန်အတော်ကြာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာမှ ပစ်ခတ်ဖမ်းဆီးမှုများဖြစ်ပေါ်ခဲ့ကြောင်းကို ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ငါးလွှာ၊ ခြောက်လွှာကို ပစ်တာ၊ ပိတ်ပြီးဖမ်းတာ၊ ဒလန်ကြောင့်၊ သေတယ်လည်းပြောသလို မသေဘူးလည်းပြောကြတယ်၊ အဖမ်းခံရတဲ့သူတွေတော့ရှိတယ်။” ဟူ၍ဖြစ်သည်။

အဖမ်းခံရသူများ၏ နောက်ဆက်တွဲ သတင်းအချက်အလက်များကို အတိအကျမသိရှိရသေးသော်လည်း ဖြစ်စဉ်ကြောင့် သုံးဦးမှ ခြောက်ဦးအထိ အဖမ်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ဖမ်းဆီးမှုများကြောင့် တိုက်ခေါင်မိုးပေါ်တက်ကာ ပုန်းရှောင်သည့် သူလည်းရှိသလို နောက်ဖေးလမ်းကြားထဲ ခုန်ချသွားသူများလည်းရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပေ။

ထို့နောက်တွင်မူ စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံအဖွဲ့များက ဆင်မင်းလမ်းနှင့် ငုဝါလမ်းနောက်ဘက်ရှိ ရထားသံလမ်းတွင်လည်း ရှာဖွေမှုများပြုလုပ်ခဲ့သေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပေါ်နေချိန် သြဂုတ်လ ၃၁ ရက်ညပိုင်းက မြို့နယ် ရှစ်ခုကျော်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သလို အခြားသောမြို့နယ်များတွင်လည်း တစ်ကျော့ပြန် ဧည့်စာရင်းစစ်ဆေးမှုများအား ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဧည့်စာရင်း

#အလုံမြို့နယ်

#စစ်ကောင်စီတပ်

#ဆင်မင်းလမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly