ရန်ကုန်ရှိ မြို့နယ်အချို့တွင် ညပိုင်း ပေါက်ကွဲမှုများဖြစ်ပွား ဧည့်စာရင်း စစ်ဆေးခြင်းများပြုလုပ်

ရန်ကုန်ရှိ မြို့နယ်အချို့တွင် ညပိုင်း ပေါက်ကွဲမှုများဖြစ်ပွား ဧည့်စာရင်း စစ်ဆေးခြင်းများပြုလုပ်

September 1

ရန်ကုန်(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ ယမန်နေ့ သြဂုတ်လ ၃၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်မှစတင်ကာ ည ၁၂ နာရီကျော်အထိ ပေါက်ကွဲမှုများ ဖြစ်ပွားသကဲ့သို့ စစ်ကောင်စီတပ်မှ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ အင်းစိန်၊ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ ကျောက်တံတား၊ အလုံ၊ ရွှေပြည်သာနှင့် တာမွေမြို့နယ်တို့မှဖြစ်ပြီး ကျယ်လောင်သော ပေါက်ကွဲသံများကိုလည်း နီးစပ်ရာမြို့နယ်တွင် နေထိုင်သော ဒေသခံများမှပါ ကြားသိကြရကြောင်းပြောသည်။

“မြောက်ဒဂုံမှာလည်း နှစ်ခါတောင်ပေါက်တယ်၊ အန်တီတို့က (၄၀) စျေးဘက်က ကြားတာ၊ အရှေ့ဒဂုံမှာနေတဲ့ အန်တီ့တူတွေကလည်း ကြားတယ်တဲ့၊ ဒီည နေရာတိုင်းလိုလိုပေါက်နေတာ၊ ဘယ်မှာပေါက်တာလဲတော့ မသိသေးဘူး၊ ဗုံးသံတွေတော့ညံနေတာပဲ” ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့လယ်ခေါင်ဖြစ်သော ကျောက်တံတားမြို့နယ်တွင်လည်း ည ၁၁ နာရီကျော်က မဟာဗန္ဓုလလမ်းနှင့် ၃၇လမ်းအနီးတွင် တစ်ကြိမ်၊ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က တစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းမီးပွိုင့်​တွင် စစ်ကောင်စီတပ်နှင့်ရဲများ စုဝေးရောက်ရှိလာခဲ့သည်။ အနီးပတ်ဝန်းကျင်မှ ပြည်သူများကလည်း လူနာတင်ယာဉ်အသံများ ကြားရကြောင်းပြောသည်။

ထို့အတူ အလုံမြို့နယ်၊ ငုဝါလမ်းထိပ်တွင် ပေါက်ကွဲသံများလည်း ကြားရပြီး ပစ်ခတ်သံများပါထွက်ပေါ်ခဲ့ကြောင်း သိရသည်။

“အသံတွေက ကျယ်လွန်းတော့လေ ဘယ်အသံက ဗုံးသံလဲ၊ ပစ်သံလဲဆိုတာ မနည်းကွဲဘူး၊ ဧည့်စစ်တွေဝင်နေတုန်း ပစ်သံတွေကြားရတာဆိုတော့ တစ်ခုခုများလားဆိုပြီးလည်း စိတ်ပူမိပါတယ်၊ အပြန်အလှန်ပစ်သံ ဟုတ်မဟုတ်တော့ ညီမလည်း မသိဘူးရှင့်၊ လူမပါသွားဖို့ဘဲ ဆုတောင်းပေးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလုံမြို့နယ်၊ ဆင်မင်းလမ်းနှင့်ငုဝါလမ်း အပိုင်း (၄) ၊ ထောင့်တိုက်တွင် ည ၁၁ နာရီ ခန့်မှစတင်ကာ ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ဝိုင်းထားကာ ပစ်ခတ်မှုများပါ ဖြစ်ခဲ့ကြောင်း ဆိုသည်။ ဆင်မင်းလမ်းနှင့် ငုဝါလမ်းနောက်ဘက်ရှိ ရထားသံလမ်းတွင်လည်း ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းတွင်လည်း ဧည့်စာရင်းစစ်ဆေးရာ အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်း သိရသော်လည်း အတည်မပြုနိုင်သေးပေ။

တောင်ဒဂုံ ၅၅ ရပ်ကွက်ရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ အင်အားအများအပြားဖြင့် ရောက်ရှိခဲ့ပြီး ဧည့်စာရင်းများ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညပိုင်းအတွင်း ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည့်နေရာများနှင့် ထိခိုက်ကျဆုံးများကို အသေးစိတ် မသိရှိနိုင်သေးပေ။ ပေါက်ကွဲမှုများကိုမည်သည့်အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ကြောင်းကိုလည်း ထုတ်ပြန်လာခြင်း မရှိသေးပေ။

ယမန်နေ့ညက ဧည့်စာရင်းစစ်ဆေးမှုကြောင့် ဖမ်းဆီးခံရသောပြည်သူ ရှိ/မရှိကိုလည်း ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရန်ကုန်တိုင်း

#ပေါက်ကွဲမှု

#ဧည့်စာရင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required