ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်ရာအိမ်မှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ပြည်ကြီးတံခွန်မြို့နယ်က ရပ်ကွက်ရာအိမ်မှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ဩဂုတ် ၂၉

မန္တလေး(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ရပ်ကွက်ရာအိမ်မှူးတစ်ဦး ယမန်နေ့ညက သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၇ နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက် မင်းရဲကျော်စွာလမ်းနှင့် လမ်း ၅၀ ထောင့်တွင် လမ်းမီးတိုင်များအား မီးလိုက်ဖွင့်နေချိန် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

ပစ်ခတ်ခံရသည့် ရာအိမ်မှူးအား ဆေးရုံပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း နယ်မြေခံသတင်းရင်းမြစ်များက ဆိုသည်။

“ညမိုးချုပ်ချိန် လမ်းမီးတိုင်တွေကို မီးလိုက်ဖွင့်နေတုန်း သေနတ်သမားတွေက ပစ်သွားတာလို့သိရတယ်၊ ဒဏ်ရာက ပါးမှာတစ်ချက် လက်မောင်းမှာတစ်ချက်ရသွားတယ်၊ ဆေးရုံကားနဲ့သယ်သွားတာ တွေ့လိုက်တယ်၊ ဒီမနက် သူ့အိမ်အခြေအနေတွေ့တော့မှ သေပြီဆိုတာသိရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

နောက်ဆုံးရရှိထားသည့် သတင်းအရ သေဆုံးသူသည် သင်ပန်းကုန်းရပ်ကွက်ရာအိမ်မှူး ဦးစန်းမောင်ဖြစ်ကြောင်းသိရပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သွားကြောင်း မသိရသေးပေ။

မန္တလေးမြို့တွင် ယမန်နေ့ညက အမရပူမြို့နယ်အတွင်းရှိဘီယာဆိုင် တစ်ဆိုင်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သည့်အပြင် ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ခရိုင်ပညာရေးမှူးရုံး အနီးတွင်လည်း ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ခဲ့သေးကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း

#ပြည်ကြီးတံခွန်မြို့နယ်

#ရာအိမ်မှူး

#ပစ်ခတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly