ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ICJ အမှု၌ ဗြိတိန် ပါဝင်ထောက်ခံမည် 

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှု ICJ အမှု၌ ဗြိတိန် ပါဝင်ထောက်ခံမည် 

ဩဂုတ် ၂၆

မြန်မာနိုင်ငံက ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခြင်း ရှိမရှိ နိုင်ငံတကာ တရားရုံး အမှု၌ ပါဝင်ထောက်ခံသွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ကြာသပတေးနေ့တွင် ကတိကဝတ်ပြုသည်။  

မြန်မာစစ်တပ်၏ ရက်စက်စွာ ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာများ အိုးအိမ်စွန့် ထွက်ပြေးခဲ့ရသည့် ငါးနှစ်မြောက်တွင် လူနည်းစု ရိုဟင်ဂျာများ၏ တရားမျှတမှုအတွက် တိုက်ပွဲဝင်ခြင်းကို အားပေးမြှင့်တင်ရန်အတွက် ဗြိတိန်အစိုးရက ယခုကဲ့သို့ ကတိပေးလာခြင်းပဲ ဖြစ်သည်။ 

ဩဂုတ် ၂၅ ရက်နေ့သည် ရခိုင်ပြည်နယ်၌ မြန်မာစစ်တပ်က ကြောက်မက်ဖွယ် ရှင်းလင်းရေး စစ်ဆင်ရေးများ လုပ်ဆောင်သည့် ငါးနှစ်မြောက်လည်း ဖြစ်သည်။ ထိုစစ်ဆင်ရေးများအတွင်း အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခြင်း၊ နှိပ်စက်ညှဥ်းပန်းခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများမှ ရိုဟင်ဂျာ ၇၄၅,၀၀၀ ခန့် ထွက်ပြေးခဲ့ရပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းများတွင် လူပြည့်သိပ်စွာ နေနေကြရသည်။ 

မြန်မာစစ်တပ် ထိပ်တန်းတာဝန်ရှိသူများကို စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုများဖြင့် စုံစမ်းစစ်ဆေး တရားစွဲရန် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်၏ အစောပိုင်းက တိုက်တွန်းမှုကို အားဖြည့်ခြင်းအဖြစ် အမေရိကန် ဂျိုး ဘိုင်ဒင်အစိုးရသည် မြန်မာစစ်တပ်က ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု မတ်လအတွင်းက ကြေညာခဲ့သည်။ 

လက်ရှိအထိ မြန်မာစစ်တပ်၏ အကြီးတန်း တာဝန်ရှိသူ တစ်ဦးတစ်ယောက်မှ တာဝန်ခံ အရေးယူခံရခြင်း မရှိသေးပေ။ 

ရိုဟင်ဂျာများ အစုအပြုံလိုက် ထွက်ပြေးရခြင်း ငါးနှစ်မြောက်အဖြစ် ယခု သီတင်းပတ်တွင် ကျန်ရှိသော ရိုဟင်ဂျာများက တရားမျှတမှုအတွက် တောင်းဆိုလာကြပြီး ၂၀၁၉ ခုနှစ်က အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင် ဂမ်ဘီယာနိုင်ငံက ဦးဆောင်တရားစွဲသည့် လူမျိုးတုံးသတ်ဖြတ်မှုအမှု၌ မျှော်လင့်ချက်များ ထားထားခြင်းကို ထုတ်ဖော်လာခဲ့ကြသည်။ 

အဆိုပါ ICJ တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်းပါ ကတိကဝတ်များကို မြန်မာစစ်တပ်က ချိုးဖောက်ခြင်း ရှိမရှိ စစ်ဆေးကြားနာလျက် ရှိခြင်း ဖြစ်သည်။ 

ယင်းအမှု၌ ပါဝင်အားပေးထောက်ခံသော ကနေဒါနှင့် နယ်သာလန်တို့နှင့်အတူ ပူးပေါင်းပါဝင်ရန် ဗြိတိန်အစိုးရအား တက်ကြွလှုပ်ရှားသူများက ရေရှည်တိုက်တွန်းနေခဲ့ခြင်း ဖြစ်သည်။ ICJ သည် ဇူလိုင်လအတွင်းက မြန်မာဘက်က ကန့်ကွက်ချက်ကို ဖယ်ချပြီး အမှုဆက်လက် စစ်ဆေးရန် စီရင်ချက် ချလိုက်သည့်နောက်တွင် ယခု ဗြိတိန်က ပါဝင်ထောက်ခံရန် ဆုံးဖြတ်လာခြင်းပဲ ဖြစ်သည်။ 

“ဗြိတိန်နိုင်ငံအနေနဲ့ မိမိတို့ရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေကို ဖျက်ဆီးဖို့ ကြိုးစားသူတွေကို အမြဲတမ်း ရင်ဆိုင်သွားမှာ ဖြစ်တယ်”ဟု အာရှဆိုင်ရာ ဗြိတိန်ဝန်ကြီး အမ်မန်ဒါ မဲလ်လင်းက ပြောသည်။ “အခုအခါမှာ ငါးနှစ် ပြည့်မြောက်လာခဲ့ပါပြီ၊ ကျွန်မတို့အနေနဲ့ ရိုဟင်ဂျာ ပြည်သူတွေနဲ့ တစ်သားတည်း ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ် လူမျိုးစုရှင်းလင်းရေး လုပ်ဆောင်မှုကို ရှုတ်ချပါတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly