ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို အကြမ်းဖက်မှုစွဲချက်များဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို အကြမ်းဖက်မှုစွဲချက်များဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်

ဩဂုတ်လ ၂၂ ရက်

ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းကို အကြမ်းဖက်မှုဆိုင်ရာ စွဲချက်များဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ကြောင်း အာဏာပိုင်တို့က ဩဂုတ် ၂၂ ရက်တွင် ပြောသည်။ ယင်းအတွက်ကြောင့် အဆိုပါနိုင်ငံတွင် နိုင်ငံရေး တင်းမာမှုများကို အရှိန်မြင့်တက်လာစေခဲ့ပြီး ဖြုတ်ချခံ ဝန်ကြီးချုပ်ဟောင်းသည် အာဏာပြန်ရရေးအတွက် လူထုစည်းဝေးပွဲများကို ပြုလုပ်ထားခဲ့သည်။

အီမရန် ခန်း ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်က အစ္စလမ်မာဘတ်မြို့၌ ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ရပ်နှင့်ပတ်သက်ပြီး ယခု အကြမ်းဖက်မှုစွဲချက်များဖြင့် စွဲချက်တင်ခံခဲ့ရခြင်း ဖြစ်သည်။ ခန်း၏ မိန့်ခွန်းပြောဆိုမှုတွင် ၎င်း၏ အနီးကပ်လက်ထောက်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ညဉ်းပန်းနှိပ်စက်ခံထားခဲ့ရကြောင်းနှင့် ၎င်းအနေဖြင့် ရဲအရာရှိများနှင့် အမျိုးသမီးတရားသူကြီးတစ်ဦးကို တရားစွဲသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ခန်းသည် အဖမ်းမခံရသေးဘဲ လွတ်နေသည့်ပုံပေါ်ပြီး ၎င်းအား စွဲချက်တင်ခဲ့သည့် ရဲတပ်ဖွဲ့၏ စွဲချက်လွှာနှင့်ပတ်သက်ပြီးလည်း လက်တလော တုံ့ပြန်ခြင်း မရှိသေးပေ။ လက်ရှိတွင် အတိုက်အခံပါတီအဖြစ် ရပ်တည်နေသော ခန်း၏ နိုင်ငံရေးပါတီ Tehreek-e-Insaf က အွန်လိုင်းပေါ် ဗီဒီယိုများ ထုတ်ပြန်ဖော်ပြခဲ့ပြီး ထိုဗီဒီယိုများထဲတွင် ခန်းကို ထောက်ခံသူများက ၎င်းအား ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခြင်း မရှိစေရန် ၎င်း၏ နေအိမ်ဝန်းကျင်၌ စုရုံးရောက်ရှိနေသည်ကို ပြသထားသည်။

ရဲတပ်ဖွဲ့ဝင် ရာချီသည် အစ္စလမ်မာဘတ်ရှိ ခန်း၏ နေအိမ်အပြင်ဘက်တွင် ရောက်နေသော်လည်း လက်ရှိအချိန်အထိ ခန်းအား ဖမ်းဆီးခြင်း မရှိသေးဟု ပါတီ၏ စီနီယာခေါင်းဆောင်တစ်ဦးဖြစ်သည့် ရှောကတ် ယူဆက်ဖ်ဇိုင်က NBC News ကို ပြောသည်။ ပါတီဝင် ထောင်ချီသည် မြို့တော်၌ ရောက်ရှိနေကြသလို အခြားပါတီဝင်များသည်လည်း ၎င်းတို့၏ ခေါင်းဆောင်ကို ခုခံကာကွယ်ရန် လာရောက်နေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူဟာ ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတစ်ယောက်ပါ။ ဥပဒေကို ချိုးဖောက်ဖို့ သူ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် အစိုးရဘက်က သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု စွဲချက်တွေအောက်မှာ ဖမ်းဆီးချင်တယ်ဆိုရင် အဲဒီလို နိုင်ငံတော်အကြည်ညိုပျက်စေမှု စွဲချက်တွေနဲ့ စွပ်စွဲခံထားရတဲ့ အခြားနိုင်ငံရေးသမားအားလုံးကိုလည်း အရေးယူသင့်ပါတယ်” ဟု ယူဆက်ဖ်ဇိုင်က ပြောသည်။

အကယ်၍ ခန်း အဖမ်းခံရပါက နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Tehreek-e-Insaf ပါတီက သတိပေးထားသည်။

 

(ကိုလူအေး ဘာသာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly