“တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံ” ဟု မေးခွန်းထုတ်မှု နိုင်ငံရေးနှင့် မသက်ဆိုင် အဆင်မြင့် အရာရှိကိုယ်တိုင် စစ်ဆေးနေဟု ဖြေရှင်း

“တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံ” ဟု မေးခွန်းထုတ်မှု နိုင်ငံရေးနှင့် မသက်ဆိုင် အဆင်မြင့် အရာရှိကိုယ်တိုင် စစ်ဆေးနေဟု ဖြေရှင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ။ ။ ပဲခူးတိုင်းအဆင့် အဌမတန်းစာမေးပွဲတွင် မေးမြန်းသည့် မေးခွန်းမှစကားလုံးမှားယွင်းမှုသည် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် မှားယွင်းမှုမဟုတ်ဘဲ၊ ဖြေရှင်းနိုင်ရေးကို အဆင့်မြင့်အရာရှိတစ်ဦးဖြင့် စစ်ဆေးနေစဲသာရှိသည်ဟု အခြေခံပညာဦးစီးဌာနမှ ဒုညွှန်မှူး အဆင့်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၁၉ရက်တွင် မဇ္ဈိမသို့ပြောသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ရှစ်တန်းအတန်းတင် စာမေးပွဲအတွက် တိုင်းအဆင့် စစ်ဆေးသည့် ပထဝီဝင် ဘာသာရပ် မေးခွန်းတွင် “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံ” ဟု သုံးနှုန်းမေးမြန်းခဲ့သည်။

ဖေဖေါ်ဝါရီ ၁၈ ရက်က စစ်ဆေးသည့် ပထဝီဝင် မေးခွန်းအပိုင်း (က) မေးခွန်းအမှတ် (၂) မေးခွန်းအမှတ်ခွဲ (ဃ) တွင် “တရုတ်ပြည်သူ့ သမ္မတ မြန်မာနိုင်ငံတွင် နေထိုင်သူ အများစုမှာ (ထန်တရုတ်၊ ဗင်တရုတ်၊ ဟန်တ ရုတ်) တို့ဖြစ်သည်” ဟု မေးမြန်းထားခြင်းလည်းဖြစ်သည်။

ယင်း ဒုညွှန်မှူးအဆင့်ရှိသူက "တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံဆိုပြီးမှားတာက မေးခွန်းထုတ်တဲ့ လုပ်ငန်းအရ ဆိုရင် စာရေးထုတ်တယ်၊ စားရေးပေးလိုက်တုန်းကလည်း အမှန်ပဲ၊ အဲဒါပြီးတော့ ကွန်ပျူတာစီတယ်။ ပြီးရင်ပြန် စစ်တယ်၊ ကွန်ပျူတာစီတဲ့သူက မှားတယ်လို့ ပြောလို့မရဘူး။ အဲဒီတော့ဖြစ်စဉ်တစ်ခုလုံးကို စစ်ဆေးနေတုန်း၊ ဘယ်သူ့ကြောင့်မှားလည်းဆိုတာ မဆုံးဖြတ်နိုင်သေးဘူး။" ဟု ဆိုသည်။

လက်ရှိတွင် မေးခွန်းပါစကားလုံးမှားယွင်းမှုနှင့် ပတ်သက်ပြီး နိုင်ငံရေးပယောဂများနှင့် ဆက်စပ်မှုများရှိသည်ဟု ဝေဖန်နေမှုများအပေါ် ၎င်းတို့အနေဖြင့်ဖြေရှင်းမည် မဟုတ်သော်လည်း သာမန်မှားယွင်းခြင်းသာဖြစ်ပြီး၊ ယင်းကိစ္စကို အစိုးရအဖွဲ့နှင့် ဝန်ကြီးရုံးတို့၏ ညွှန်ကြားချက်အတိုင်း စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုလည်း ၎င်းကပြောသည်။

မေးခွန်းမှ စကားလုံးမှားယွင်းမှုနှင့် ပတ်သက်ပြီး ပဲခူးတိုင်းအခြေခံပညာဦးစီးဌာနမှ တိုင်းတာဝန်ရှိသူများကို ဦးစီးကာ စိစစ်၊ စစ်ဆေးမှုများကိုပြုလုပ်ခိုင်းထားပြီး တိကျသည့် အဖြေများကို မရရှိသေးကြောင်း မေးခွန်း မှားယွင်းမှု နှင့်ပက်သက်ပြီး အခြေခံပညာဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူဟု သတ်မှတ်ပေးထားသူ ညွှန်ကြားရေးမှူး ဦးညွှန့်စိုးက မဇ္ဈိမသို့ပြောသည်။

"မီဒီယာတွေက ကိုယ့်ကျင့်ဝတ်နဲ့ကိုယ် မသေချာတဲ့သတင်းတွေကို လျောက်မရေးသင့်ဘူး။ သေချာပြီဆိုမှ ရေးသင့်တယ်။ အခုဟာက စစ်ဆေးခိုင်းထားတုန်းပဲရှိသေးတယ်။" ဟု ၎င်းကဆိုသည်။

၂၀၁၄- ၂၀၁၅ ပညာသင်နှစ်မှ စတင်ကာအဌမတန်းကို တိုင်းအဆင့်အခြေခံပညာဦးစီးဌာနာလည်းကောင်း၊ စတုတ္ထတန်းကို ခရိုင်အဆင့် အခြေခံပညာ ဦးစီးဌာနက လည်ကောင်း အသီးသီးမေးခွန်းထုတ် စစ်ဆေးခြင်းနေ ခြင်းဖြစ်သည်။ 

ယခုပညာသင်နှစ်ဖြစ်သည့် ၂၀၁၅- ၁၆ခုနှစ်တွင် တစ်နိုင်ငံလုံး၌ မူလတန်းအဆင့်ကျောင်းသား ၅ ဒသမ ၇သန်းနှင့် အလယ်တန်းအဆင့်ကျောင်းသား ၂ ဒဿမ    မ  ၈ သန်းအထိ ပညာသင်ကြားနေကြကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly