ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာနှင့် သီးကုန်း ကျေးရွာရှိ လူနေအိမ် ၈၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ ဖျက်ဆီး

By လွှမ်းမိုး
20 August 2022
ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာနှင့် သီးကုန်း ကျေးရွာရှိ လူနေအိမ် ၈၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ ဖျက်ဆီး

ဩဂုတ် ၂၀

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ အနောက်ဘက်ခြမ်း ကိုးမိုင်ခန့်အကွာရှိ ကပိုင်ကျေးရွာနှင့် သီးကုန်းကျေးရွာရှိ ပြည်သူပိုင်နေအိမ် များကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၈ ရက် နှင့် ၁၉ ရက်နေ့တို့တွင် နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမူ များပြုလုပ်နေကြောင်း ဒေသခံထံမှ သိရသည်။

အဆိုပါမီးရှို့ ဖျက်ဆီးမှုတွင် ကပိုင်ကျေးရွာ နှင့် သီးကုန်းကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၈၅ဝ ခန့် မီးလောင်ပြာကျသွားခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

"အိမ်ခြေ ၈ဝဝ ခန့် ရှိတဲ့ ကပိုင်ကျေးရွာမှာတော့ မီးလောင်ပြာကျသွားတဲ့ အိမ်ခြေက ၅၀၀ လောက်ရှိပါတယ်၊ သီးကုန်းကျေးရွာကတော့ အိမ်ခြေ ၇၀၀ လောက်ရှိတဲ့အနက်က ပြာကျသွားတဲ့ အိမ်ခြေ ၃၅ဝ ခန့်ရှိပါတယ်၊ အတိအကျ ရေတွက်ဖို့တောင် ခက်နေတယ်ဗျ ၊ ကိုယ့်ရွာကိုတောင် မမှတ်မိဘူး" ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ဆက်လက်စစ်ကြောင်းထိုးခြင်းများရှိနေသည့်အပြင် ကဗျူကျေးရွာကို ဆက်လက်မီးတင်ရှို့ဖျက်ဆီးခြင်းများပြုလုပ်နေကြောင်း ဒေသခံ၏ သတင်းပေးပြောပြချက်အရ သိရသည်။

စစ်ကောင်စီတပ်၏ရန်ကို ကြောက်ရွံ့၍ ကဗျူ ကျေးရွာအပါဝင် ကျေးရွာငါးရွာမှ လူဦးရေ ထောင်နှင့်ချီ၍ စစ်ရှောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#စစ်ကောင်စီတပ်ဖွဲ့

#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly