ဧရာဝတီတိုင်းတွင် ခိုးဆိုးလုနှိုက်မှုများ များစွာဖြစ်ပေါ်နေသည်ကို စစ်ကောင်စီလျစ်လျူရှုထား

ဧရာဝတီတိုင်းတွင် ခိုးဆိုးလုနှိုက်မှုများ များစွာဖြစ်ပေါ်နေသည်ကို စစ်ကောင်စီလျစ်လျူရှုထား

ဩဂုတ် ၂၀

မဇ္စျိမ။ ။ ဧရာဝတီတိုင်းတွင် ခိုးဆိုးလုနှိုက်မှုများ များစွာဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီတပ်များနှင့် ရဲတပ်ဖွဲ့ဝင်များက တရားခံများအား လိုက်လံဖမ်းဆီးခြင်းမရှိဘဲ လျစ်လျူရှုထားသည်ဟု ဒေသခံများက ပြောသည်။

ခိုးမှု ၊မုဒိမ်းမှု ၊လူသတ်မှု၊ ဓားပြတိုက်မှုနှင့် လုယက်မှုများ ပြုလုပ်နေသည့် တရားခံများအား လိုက်လံဖမ်းဆီးအရေးယူခြင်းများ မပြုလုပ်သည့်အတွက် PDF တပ်ဖွဲ့ဝင်များ၊ CDM ဝန်ထမ်းများနှင့် လူမှုကွန်ရက်ပေါ်၌ စစ်ကောင်စီအား ပစ်တင်ပြောဆိုသူများကိုသာ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က မအူပင်မြို့နယ်၊ဝါးတောကျေးရွာတွင် ဝါးဟားဟားရေခဲမုန့်နှင့် ရေခဲချောင်းရောင်းနေသူတစ်ဦးအား ငွေကြေးနှင့် လက်စွပ်ကို ချွတ်ယူကာ သတ်ဖြတ်သွားမှုနှင့် ကြံခင်းမြို့တွင် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး ဖုန်း၊ ဆိုင်ကယ်နှင့် ငွေကြေးများကို လုယူမှုများဖြစ်ပွားခဲ့သည်။

၎င်းအပြင် သြဂုတ်လ ၁၈ ရက်နေ့က ကန်ကြီးထောင့်မြို့နယ်၊ကျူတန်းကျေးရွာမှ အမျိုးသမီး အထည်ချုပ်အလုပ်သမားတစ်ဦး အလုပ်လာရာလမ်းတွင် ကျူးလွန်ခံရသည့် မုဒိမ်းမှု၊ ပုသိမ်မြို့ ရာမညရပ်ကွက်တွင် ဓားပြတိုက်ခံရမှုနှင့် ကိုယ်ပိုင်ဆေးခန်းတစ်ခု အနုကြမ်းစီးခံရမှုများကို စစ်ကောင်စီတပ်များနှင့်ရဲများက လိုက်လံဖော်ထုတ်ဖမ်းဆီးခြင်းများ မပြုလုပ်ဘဲ လျစ်လျူရှုထားသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

"ပုသိမ်မှာဆိုရင် မုဒိမ်းမှုတွေနဲ့ ခိုးမှုတွေ တော်တော်များလာတယ် ရဲသွားတိုင်ရင်လည်း ဘာမှလုပ်ပေးတာမဟုတ်တော့ သွားမတိုင်ကြတော့ဘူး။ ဘယ်သူမှ မသိလိုက်တဲ့ ဖြစ်စဥ်တွေတောင် အများကြီးရှိတယ်။ သူခိုးလည်းကြောက်ရ စစ်တပ်ကိုလည်းကြောက်ရနဲ့ နေရတဲ့အချိန်ဆိုတော့ တစ်ခုခုဖြစ်ရင်တောင် မပြောရဲကြတော့ဘူး။ အခုက ရဲကလည်း မဖမ်းဘူးဆိုတော့ တွေ့သမျှအကုန်ခိုးနေတာ၊ ညဘက်အိပ်ရင် အိမ်ရှေ့မှာတောင် ဖိနပ်ချွတ်မထားရဲတော့ဘူး"ဟု ၎င်းက ဆိုသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများနှင့် လုယက်ခံရမှုများလည်း နေ့စဥ်ဖြစ်ပေါ်နေသည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဆက်လက်ပြောသည်။

ထိုသို့ဖြစ်ပေါ်နေသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေး မြန်းရာ ၎င်းတို့အနေဖြင့် ဧရာဝတီတိုင်းအတွင်းဖြစ်ပေါ်နေသည့် ခိုးဆိုးလုနှိုက် ဖြစ်စဥ်များကို သိရှိကြောင်း ၊တော်လှန်ရေးကို လုံးပန်းနေသော ကာလဖြစ်သည့်အတွက် ပြည်သူများအား မကူညီနိုင်သည်ကို စိတ်မကောင်းဖြစ်ရကြောင်း ပြောသည်။

"ကျွန်တော်တို့အနေနဲ့ အခုလိုဖြစ်နေတဲ့ ဖြစ်စဥ်တွေကို ကြားသိရတော့ ပြည်သူတွေခံစားနေရတာတွေကို စိတ်မကောင်းပါဘူး၊ တော်လှန်ရေးကို အားစိုက်နေရတဲ့ကာလဆိုတော့ ပြည်သူတွေကို မကူညီနိုင်တာ နားလည်ပေးပါ။ လုံခြုံရေးကိုလည်း အထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်"ဟု ၎င်းကဆိုသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်း ခိုးမှု၊လုယက်မှု၊ ဓားပြတိုက်မှု၊ မုဒိမ်းမှု၊လူသတ်မှုများ များစွာဖြစ်ပွားခဲ့သည်။

ထိုသို့ဖြစ်ပွားခဲ့သည့် အမှုအများစုအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက လိုက်လံဖော်ထုတ်ခြင်း၊ဖမ်းဆီးအရေးယူခြင်း မရှိသည့်အတွက် အဆိုပါအမှုများတွင် ၎င်းတို့ကိုယ်တိုင် ပူးပေါင်းပါဝင်လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်ဟု ဧရာဝတီတိုင်းအတွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း

#ခိုးဆိုးလုနှိုက်

#စစ်ကောင်စီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly