သီဟို၌စီမံကိန်းမြေသိမ်းပြဿနာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆုံးဖြတ်ချက် မလိုက်နာသည့် လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်ပြန်သိမ်းမည်

သီဟို၌စီမံကိန်းမြေသိမ်းပြဿနာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆုံးဖြတ်ချက် မလိုက်နာသည့် လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်ပြန်သိမ်းမည်
ဓာတ်ပုံ - စည်သူမောင်မောင်

ပုသိမ်၊ဖေဖော်ဝါရီ ၁၉ ။          ။ ကန်ကြီးထောင့်မြို့၊ နနွင်းဂရက်ကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာတွင် သီဟို၌စီမံကိန်းအတွက် သိမ်းဆည်းထားသည့် မြေပြဿနာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆုံးဖြတ်ချက်မလိုက်နာသည့် လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်လက်မှတ်များပြန်သိမ်းပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုကိုလတ်က မဇ္ဈိမသို့ပြောသည်။

"အခု တိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်ကိုလက်ခံရင် လုပ်ပိုင်ခွင့်ပြန်လျှောက်ခိုင်းပြီးလုပ်ပိုင်ခွင့်ချပေးသွားမှာပါ၊တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်မလိုက်နာရင် လုပ်ပိုင်ခွင့် လက်မှတ်တွေပြန်သိမ်းသွားပြီး၊ ဥပဒေကြောင်းအရ ဆောင်ရွက်သွားပေါ့၊အဲဒီလို ဆောင်ရွက်ရင် တရားဥပဒေစိုးမိုးရေးရပ်ရွာအေးချမ်းသာယာရေးအတွက် မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင် ဒေသန္တာအုပ်ချုပ်းရေးအတွက် တားမြစ်အမိန့်တွေထုတ်ပြန်သွားမှာပါ"ဟု ကန်ကြီးထောင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုကိုလတ်မှ မဇ္ဈိမသို့ပြောသည်။

စီမံကိန်းလုပ်ပိုင်ခွင့်ရ လုပ်ငန်းရှင် ၁၆ဦးတွင် တချို့မှာ ဒေသခံများဖြင့် သဘောတူညီမှု၇ယူကာ  ဧကခွဲဝေ၍ရကြောင်း၊တချို့ မှာ တိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်မလိုက်နာသူများ လည်းရှိနေသည့်အတွက် မလိုက်နာသူများကို လုပ်ပိုင်ခွင့်ကိုပြန်သိမ်းရန် ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း ဦးကိုကိုလတ်က ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ဆုံးဖြတ်ချက်အရ တောင်သူများနှင့် လုပ်ငန်းရှင်များမြေခွဲဝေယူရန်ဆုံးဖြတ်ချက် ချထားသော်လည်း လုပ်ငန်းရှင်တချို့မှာ မြေမစွန့်နိုင်ဘဲ တစ်ဧကကျပ် ၅သိန်းသာ ပေးနိုင်ကြောင်း ပြောဆိုထားသည်။

"ကျွန်မတို့က အခုအချိန်ကျမှတော့ မြေအကုန်ပြန်ယူမယ်၊တိုင်းအစိုးရအဖွဲ့ဆုံးဖြတ်ချက်ကို ကျွန်မတို့တောင်သဘောတူနိုင်သေးတာ သူတို့သဘောတူဘူးဆိုတော့မတရားဘူး၊ကျွန်မတို့တောင်သူတွေ စိုက်ထားတယ် ဝါးတွေပဲခုတ်ရောင်းနေတာ ဘာမှမလုပ်ဘူး"ဟု တောင်ယာမြေသိမ်းဆည်းခံရသူဒေါ်ဆွေတင်မှ မဇ္ဈိမသို့ပြောသည်။

၁၉၉၁ခုနှစ်တွင် တောင်ယာကုန်းကျေးရွာမှ ဥယျာဉ်ခြံမြေများအား သီဟိုဠ်စီမံကိန်းဆောင်ရွက်ရန်အတွက် မြေ ဧက၄၀၀ကျော်သိမ်းဆည်းခံခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly